သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—သိုးထိန်း
“မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။”—ဟေရှာယ ၄၀:၁၁။
သိုးထိန်းတွေရဲ့အကြောင်း သမ္မာကျမ်းစာမှာ အများကြီး ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၄:၂; ဗျာဒိတ် ၇:၁၇၊ သမ္မာ) အာဗြဟံ၊ မောရှေနဲ့ ဘုရင်ဒါဝိဒ်လိုမျိုး ထင်ပေါ်ကျော်ကြားတဲ့သူတွေဟာ သိုးထိန်းတွေ ဖြစ်ကြတယ်။ ဆာလံဆရာဒါဝိဒ်ဟာ သိုးထိန်းကောင်းတစ်ဦးရဲ့ တာဝန်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လှလှပပ ဖွဲ့ဆိုခဲ့တယ်။ ဒါဝိဒ်ဟာ ရှေးခေတ်အစ္စရေးလူတွေကို သိုးထိန်းတစ်ဦးလို ကြည့်ရှုစောင့်ရှောက်တဲ့သူ ဖြစ်တယ်လို့ အာသပ်ရေးခဲ့တဲ့ ဆာလံကျမ်းတစ်ကျမ်းမှာ ဖော်ပြထားတယ်။—ဆာလံ ၇၈:၇၀-၇၂။
ယေရှုခေတ်မှာလည်း သိုးထိန်းခြင်းဟာ အရေးပါတဲ့ အလုပ်ဖြစ်နေတုန်းပါပဲ။ ယေရှုဟာ သူ့ကိုယ်သူ သိုးထိန်းကောင်းလို့ ရည်ညွှန်းခဲ့ပြီး အရေးကြီးတဲ့ သင်ခန်းစာတွေ သင်ပေးဖို့ သိုးထိန်းကောင်းတစ်ဦးရဲ့ အရည်အသွေးတွေကို မကြာခဏ အသုံးပြုခဲ့တယ်။ (ယောဟန် ၁၀:၂-၄၊ ၁၁) အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်ကိုလည်း သိုးထိန်းတစ်ဦးအဖြစ် ခိုင်းနှိုင်းဖော်ပြထားတယ်။—ဟေရှာယ ၄၀:၁၀၊ ၁၁; ဆာလံ ၂၃:၁-၄။
သိုးထိန်းတွေဟာ ဘယ်လိုတိရစ္ဆာန်တွေကို ထိန်းကျောင်းရသလဲ။ ဘာတွေလုပ်ရသလဲ။ အလုပ်ကြိုးစားတဲ့ သိုးထိန်းတွေဆီက ဘာတွေ သင်ယူနိုင်မလဲ။
သိုးနဲ့ဆိတ်များ
ရှေးခေတ်အစ္စရေးနိုင်ငံက သိုးထိန်းတွေဟာ အမြီးတုတ်တုတ်၊ အမွေးထူထူရှိတဲ့ ဆီးရီးယားသိုး (karakul sheep) တွေကို ထိန်းကျောင်းခဲ့ရနိုင်ပါတယ်။ သိုးထီးတွေမှာ ဦးချိုရှိပြီး သိုးမတွေမှာတော့ မရှိပါဘူး။ သိုးတွေဟာ ယဉ်ပါးတဲ့ တိရစ္ဆာန်ဖြစ်တဲ့အတွက် ထိန်းကျောင်းရ လွယ်ကူတယ်။ ဒါပေမဲ့ သူတို့ဟာ သဘာဝ
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ မနေတတ်တဲ့အပြင် သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေလည်း မကာကွယ်တတ်ပါဘူး။သိုးထိန်းတွေဟာ ဆိတ်တွေကိုလည်း ထိန်းကျောင်းကြပါတယ်။ ဆိတ်တွေရဲ့အရောင်က အမည်း ဒါမှမဟုတ် အညိုရောင်ဖြစ်တယ်။ ကျောက်ပေါတဲ့ တောင်စောင်းတွေပေါ် သူတို့ တက်သွားတဲ့အခါ၊ ဆူးချုံတောထဲ ဝင်တိုးတဲ့အခါ သူတို့ရဲ့ နားရွက်ရှည်ရှည်တွေက ဆူးတွေနဲ့ငြိပြီး အလွယ်တကူ စုတ်ပြတ်သွားတယ်။
သိုးထိန်းတွေဟာ သိုးတွေနဲ့ဆိတ်တွေ အမိန့်နာခံတတ်အောင် သွန်သင်ပေးရတဲ့ အခက်အခဲနဲ့ အမြဲ တွေ့ကြုံရပါတယ်။ ဒါပေမဲ့ သိုးထိန်းကောင်းတွေဟာ သူတို့ထိန်းကျောင်းရတဲ့ တိရစ္ဆာန်တွေကို ကြင်နာယုယတတ်ကြတယ်။ သူတို့ကို ခေါ်တဲ့အခါ တုံ့ပြန်တတ်အောင် နာမည်တွေတောင် ပေးထားကြတယ်။—ယောဟန် ၁၀:၁၄၊ ၁၆။
သိုးကျောင်းရာသီ
နွေဦးရောက်တဲ့အခါ သိုးအုပ်ကို သိုးခြံထဲကထုတ်ပြီး စိမ်းလန်းစိုပြေတဲ့ စားကျက်ရှိရာကို ခေါ်ဆောင်သွားတယ်။ ဒီရာသီမှာ သိုးကလေးတွေ၊ ဆိတ်ကလေးတွေ ပေါက်ဖွားလာတဲ့အတွက် တိရစ္ဆာန်အုပ်မှာ အရေအတွက် တိုးများလာပါတယ်။ နွေဦးရောက်ရင် သိုးထိန်းတွေဟာ သိုးမွေးတွေ ညှပ်ပြီး ပွဲခံတတ်ကြတယ်။
ရွာသားတစ်ယောက်မှာ သိုးနည်းနည်းပဲ ရှိတယ်ဆိုရင် သူ့ရဲ့သိုးတွေကို တခြားတစ်ယောက်ရဲ့ သိုးတွေနဲ့ရောပြီး ထိန်းကျောင်းမယ့် သိုးထိန်းတစ်ယောက်ကို ငှားတတ်တယ်။ အငှားသိုးထိန်းတွေဟာ တခြားသိုးတွေကို သူတို့ရဲ့ ကိုယ်ပိုင်သိုးတွေလောက် ဂရုမစိုက်တတ်ကြဘူး။—ယောဟန် ၁၀:၁၂၊ ၁၃။
ကောက်ရိတ်သိမ်းပြီးတဲ့ နောက်မှာတော့ သိုးအုပ်ကို ရိုးပြတ်တွေကြားမှာ ကျကျန်ခဲ့တဲ့ ကောက်နှံတွေ၊ အညွန့်လေးတွေကို စားဖို့ လွတ်ထားတတ်တယ်။ နွေရာသီရောက်လာတဲ့အခါ သူတို့ရဲ့ သိုးအုပ်တွေကို အေးမြတဲ့ စားကျက်တွေရှိရာ ကုန်းမြင့်တွေဆီ ခေါ်သွားတတ်တယ်။ သိုးထိန်းတွေဟာ ရက်ပေါင်းများစွာ အပြင်မှာပဲ ရှိနေတတ်ကြတယ်။ အကြောင်းကတော့ သိုးအုပ်ကို မတ်စောက်ပြီး စိမ်းလန်းစိုပြေတဲ့ တောင်စောင်းတွေပေါ် ခေါ်သွားတတ်ပြီး ညရောက်တဲ့အခါမှာလည်း သိုးအုပ်ကို စောင့်ကြည့်နေရလို့ပါပဲ။ တစ်ခါတလေ သိုးထိန်းက ခွေးအလိုမျိုး သားရဲတွေရဲ့ ရန်ကနေ သိုးအုပ်ကို ကာကွယ်ပေးဖို့ ဂူတစ်ဂူထဲမှာ တစ်ညလုံး ဝင်ခိုနေရတတ်တယ်။ ညမှာ ခွေးအတွေရဲ့ အော်သံကြောင့် သိုးအုပ်က အထိတ်တလန့်နဲ့ လှုပ်လှုပ်ရွရွ ဖြစ်သွားမယ်ဆိုရင် သိုးထိန်းက ဘာအန္တရာယ်မှ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ အသံပြုလိုက်တဲ့အခါ သိုးတွေ ငြိမ်ကျသွားတယ်။
ညနေစောင်းပြီဆိုရင် သိုးထိန်းဟာ သိုးတွေကို ရေတွက်ပြီး သိုးတွေ နာမနာ စစ်ဆေးပေးတယ်။ နောက်မနက်ရောက်တဲ့အခါ သိုးအုပ်ကို စိမ်းလန်းတဲ့ စားကျက်မြေဆီ ပြန်ခေါ်သွားတယ်။ (ယောဟန် ၁၀:၃၊ ၄) နေ့လယ်ရောက်တဲ့အခါမှာတော့ သိုးအုပ်ကို ရေတိုက်ဖို့ အေးမြတဲ့ ရေကန်တွေဆီ ခေါ်သွားတယ်။ ရေကန်တွေမှာ ရေခန်းခြောက်နေမယ်ဆိုရင် ရေတွင်းတစ်တွင်းဆီ ခေါ်သွားပြီး ရေခပ်တိုက်ရတယ်။
ခြောက်သွေ့ရာသီ ကုန်ခါနီးမှာ သိုးအုပ်ကို ကမ်းရိုးတန်းလွင်ပြင်နဲ့ ချိုင့်ဝှမ်းတွေဆီ ခေါ်သွားတတ်တယ်။ ဆောင်းမိုး စရွာတဲ့အခါမှာတော့ ဆောင်းခိုဖို့အတွက် သိုးအုပ်ကို အိမ်ပြန်ခေါ်လာကြတယ်။ မခေါ်လာဘူးဆိုရင် သိုးတွေဟာ မိုးဒဏ်၊ မိုးသီးဒဏ်နဲ့ ဆီးနှင်းဒဏ်ကြောင့် သေသွားနိုင်ပါတယ်။ သိုးထိန်းတွေဟာ နိုဝင်ဘာလကနေ နွေဦးရာသီရောက်တဲ့အထိ အပြင်မှာ သိုး မကျောင်းတော့ပါဘူး။
သိုးထိန်းရဲ့ အသုံးအဆောင်များ
သိုးထိန်းရဲ့ အဝတ်အစားက ရိုးရှင်းပြီး အကြမ်းပတမ်းခံတယ်။ အတွင်းဘက်မှာ သိုးမွေးပါတဲ့ သိုးသားရေနဲ့ ချုပ်ထားတဲ့ အပေါ်ဝတ်ရုံ ဝတ်ထားတဲ့အတွက် မိုးဒဏ်၊ အေးမြတဲ့ လေဒဏ်ကနေ အကာအကွယ် ရနိုင်ပါတယ်။ အဲဒီအပေါ်ဝတ်ရုံရဲ့ အောက်မှာ အတွင်းခံအင်္ကျီလည်း ဝတ်ထားသေးတယ်။ သိုးထိန်းဟာ ကျောက်တုံးတွေနဲ့ မရှမိအောင်၊ ဆူးမစူးအောင် ဖိနပ်လည်း စီးထားတယ်။ ပြီးတော့ သိုးမွေးခေါင်းပေါင်းလည်း ပေါင်းထားတယ်။
သိုးထိန်းရဲ့ အသုံးအဆောင်တွေကတော့ (၁) ပေါင်မုန့်၊ သံလွင်သီး၊ သစ်သီးခြောက်၊ ဒိန်ခဲတွေထည့်ထားတဲ့ သားရေအိတ် (၂) အရှည်သုံးပေရှိပြီး ထိပ်မှာ ကျောက်ချွန်တွေစိုက်ထားတဲ့ တင်းပုတ် (၃) ဓား (၄) လမ်းလျှောက်ရာမှာ၊ တောင်တက်ရာမှာ အသုံးပြုတဲ့ တောင်ဝှေး (၅) ရေဘူး (၆) ခေါက်လို့ရတဲ့ သားရေပုံး (၇) သိုးတွေ၊ ဆိတ်တွေကို ချောက်လှန့်ဖို့နဲ့ ခြောင်းမြောင်းနေတဲ့ သားရဲတိရစ္ဆာန်တွေကို မောင်းထုတ်ဖို့ အသုံးပြုတဲ့ လောက်လွှဲ (၈) အပျင်းပြေအောင်၊ တိရစ္ဆာန်တွေ ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိအောင် မှုတ်ဖို့ ကျူပလွေတို့ ဖြစ်ပါတယ်။
တိရစ္ဆာန်တွေက သိုးထိန်းတွေရဲ့ ထိန်းကျောင်းမှုကို ရရှိသလို သိုးထိန်းတွေကလည်း တိရစ္ဆာန်တွေဆီကနေ နို့နဲ့အသားတွေ ရရှိပါတယ်။ သိုးမွေးနဲ့ သားရေတွေကို ကုန်ပစ္စည်း လဲလှယ်ရာမှာ၊ အဝတ်အစားတွေနဲ့ ဘူးတွေ ပြုလုပ်ရာမှာ အသုံးပြုကြတယ်။ ဆိတ်မွေးတွေကိုလည်း အဝတ်အထည်ပြုလုပ်ရာမှာ အသုံးပြုကြတယ်။ သိုးနဲ့ဆိတ်တွေကို ယဇ်ပူဇော်တဲ့အခါမှာလည်း အသုံးပြုကြတယ်။
လိုက်လျှောက်ရမယ့် စံနမူနာ
သိုးထိန်းကောင်းတွေဟာ လုံ့လဝီရိယရှိပြီး အားကိုးထိုက်တဲ့သူတွေ ဖြစ်တယ်၊ ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံတယ်။ သိုးအုပ်ကို ကာကွယ်ဖို့ဆိုရင် သူတို့ရဲ့ အသက်ကိုတောင် စွန့်ကြတယ်။—၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆။
ဒါကြောင့် ယေရှုနဲ့ သူ့တပည့်တွေဟာ ခရစ်ယာန်ကြီးကြပ်မှူးတွေ လိုက်လျှောက်ရမယ့် စံနမူနာအဖြစ် သိုးထိန်းပုံဥပမာတွေကို အသုံးပြုခဲ့တာက အံ့ဩစရာမဟုတ်ပါဘူး။ (ယောဟန် ၂၁:၁၅-၁၇; တမန်တော် ၂၀:၂၈) ကနေ့ခေတ် ခရစ်ယာန်ကြီးကြပ်မှူးတွေဟာ သမ္မာကျမ်းစာခေတ်က သိုးထိန်းကောင်းတစ်ဦးလိုပဲ “[သူတို့] စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို အတင်းအကျပ် စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြ” ပြီး “မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့် ပြုကြ” တယ်။—၁ ပေတရု ၅:၂။