မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မောရှေ—မေတ္တာရှိသူ

မောရှေ—မေတ္တာရှိသူ

မေတ္တာဆိုတာ ဘာလဲ။

မေတ္တာဆိုတာ တခြားသူတွေကို နှစ်နှစ်ကာကာ နှစ်သက်မြတ်နိုးခြင်းဖြစ်တယ်။ မေတ္တာရှိတဲ့သူဟာ သူနှစ်သက်မြတ်နိုးတဲ့သူတွေကို ဘယ်လောက်ချစ်သလဲဆိုတာ အပြောနဲ့ရော၊ အလုပ်နဲ့ပါ ဖော်ပြပါတယ်။ လိုအပ်ရင် ကိုယ်ကျိုးစွန့်ဖို့လည်း အသင့်ရှိတယ်။

မေတ္တာကို မောရှေ ဘယ်လိုပြသခဲ့သလဲ။

ဘုရားသခင်ကို မောရှေ ချစ်ကြောင်း ဖော်ပြခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာမှာ ဒီလိုမှတ်တမ်းတင်ထားပါတယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။” (၁ ယောဟန် ၅:၃) မောရှေဟာ ဘုရားသခင့်ပညတ်တွေကို လိုက်နာခြင်းအားဖြင့် ကိုယ်တော်ကို ချစ်ကြောင်း ပြသခဲ့ပါတယ်။ ပင်လယ်နီအပေါ် သူ့ရဲ့လှံတံကို ဆန့်တန်းတဲ့ ကိစ္စသေးသေးမွှားမွှားကအစ အခွင့်အာဏာကြီးမားတဲ့ ဖာရောဘုရင်နဲ့ သွားတွေ့ရတဲ့ ကိစ္စကြီးကြီးမားမားအထိ ဘုရားသခင် ခိုင်းသမျှကို မောရှေ လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင်ပြောဆိုရာကို လုပ်ဆောင်ဖို့ ခက်ခဲတာပဲဖြစ်ဖြစ်၊ လွယ်ကူတာပဲဖြစ်ဖြစ် သူလိုက်နာခဲ့တယ်။ “ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေ ပြုလေ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ထွက်မြောက်ရာ ၄၀:၁၆

မောရှေဟာ တခြားအစ္စရေးအမျိုးသားချင်းတွေကိုလည်း မေတ္တာပြခဲ့တယ်။ မိမိတို့ကို ဦးဆောင်ဖို့ မောရှေကို ယေဟောဝါဘုရားသခင် ခန့်အပ်ထားတယ်ဆိုတာကို အစ္စရေးလူတွေ သိထားတဲ့အတွက် သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ မောရှေဆီ သွားကြတယ်။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “နံနက်မှစ၍ ညဦးတိုင်အောင် လူများတို့သည် မောရှေရှေ့မှာ နေကြ၏။” (ထွက်မြောက်ရာ ၁၈:၁၃-၁၆) အစ္စရေးလူတွေက သူတို့ရဲ့ပြဿနာတွေအကြောင်း ပြောပြတာကို မောရှေ တစ်နေကုန် နားထောင်ပေးပြီးတဲ့နောက် ဘယ်လောက်ပင်ပန်းနေပြီလဲဆိုတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ မောရှေဟာ သူတို့ကို ချစ်တဲ့အတွက် သူတို့ကို ကူညီပေးလိုစိတ်ရှိတယ်။

သူချစ်မြတ်နိုးရတဲ့သူတွေ ပြောတာကို နားထောင်ပေးရုံတင်မကဘူး သူတို့အတွက် ဆုလည်းတောင်းပေးပါတယ်။ သူ့အပေါ် မကောင်းတဲ့သူတွေအတွက်တောင် ဆုတောင်းပေးလိုက်သေးတယ်။ ဥပမာ၊ မိရိအံက မောရှေကို ပြစ်တင်ပြောဆိုတဲ့အတွက် ဘုရားသခင်က သူ့ကို အနူရောဂါ စွဲကပ်စေခဲ့တယ်။ သူ့ရဲ့အပြစ်ဒဏ်အတွက် မောရှေ ဝမ်းမြောက်မယ့်အစား သူ့ကို ခွင့်လွှတ်ပေးဖို့ ချက်ချင်းပဲ ဘုရားသခင်ဆီ ဒီလိုဆုတောင်းလိုက်တယ်– “အိုဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏။” (တောလည်ရာ ၁၂:၁၃) တစ်ကိုယ်ကောင်းမဆန်ဘဲ ဆုတောင်းဖို့ မောရှေကို မေတ္တာကလွဲရင် ဘာက လှုံ့ဆော်ပေးမှာလဲ။

ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။

ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်ခြင်းအားဖြင့် မောရှေကို တုပနိုင်ပါတယ်။ ဒီလိုမေတ္တာမျိုးက ကိုယ်တော်ရဲ့စကားတွေကို “စိတ်နှလုံးထဲမှ နာခံ” ဖို့လှုံ့ဆော်ပေးပါတယ်။ (ရောမ ၆:၁၇) ဘုရားသခင်ကို စိတ်နှလုံးထဲကနေ နာခံတဲ့အခါ ကိုယ်တော်ရဲ့စိတ်တော်ကို ရွှင်လန်းစေပါတယ်။ (သုတ္တံ ၂၇:၁၁) ကျွန်ုပ်တို့ကိုယ်တိုင်လည်း အကျိုးကျေးဇူးရရှိပါတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့အမှုတော်ကို စစ်မှန်တဲ့မေတ္တာနဲ့ ထမ်းဆောင်မယ်ဆိုရင် ကျွန်ုပ်တို့ဟာ မှန်ရာတွေကို လုပ်ဆောင်ကြမယ့်အပြင် အဲဒါတွေလုပ်ဆောင်ရတာကိုလည်း နှစ်သက်ပါလိမ့်မယ်။—ဆာလံ ၁၀၀:၂

မောရှေကို တုပနိုင်တဲ့ နောက်တစ်နည်းကတော့ တခြားသူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာနဲ့ ချစ်ခြင်းဖြစ်ပါတယ်။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ကျွန်ုပ်တို့ကို ပြောပြတဲ့အခါ (၁) သူတို့ကို အပြည့်အဝ အာရုံစိုက်ဖို့၊ (၂) စာနာစိတ်ရှိဖို့၊ (၃) သူတို့ကို ဂရုစိုက်ပါတယ်ဆိုတာ သိရှိစေဖို့ မေတ္တာက လှုံ့ဆော်ပေးပါတယ်။

မောရှေလိုပါပဲ၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးရတဲ့သူတွေအတွက် ဆုတောင်းပေးနိုင်တယ်။ တခြားသူတွေက သူတို့ရဲ့ပြဿနာအကြောင်း ပြောပြတဲ့အခါ ကျွန်ုပ်တို့ ဘာမှ မကူညီပေးနိုင်ဘူးလို့ တစ်ခါတလေမှာ ခံစားရနိုင်တယ်။ “စိတ်မကောင်းပါဘူး၊ သင့်အတွက် လုပ်ပေးနိုင်တာက ဆုတောင်းပေးရုံပါပဲ” ဆိုပြီး စိတ်မကောင်းစွာ ပြောမိနိုင်တယ်။ ဒါပေမဲ့ ဒီကျမ်းစကားကို သတိရပါ– “ဖြောင့်မတ်သောသူ၏ တိုးလျှိုးအသနားခံချက်သည် အလွန်တန်ခိုးပါ၍ အကျိုးသက်ရောက်မှုရှိ၏။” (ယာကုပ် ၅:၁၆) ဘုရားသခင် လုပ်ဆောင်ပေးဖို့ အစီအစဉ်မရှိတဲ့အရာကိုတောင် လုပ်ဆောင်ပေးဖို့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေက ကိုယ်တော့်ကို လှုံ့ဆော်ပေးပါတယ်။ ဒါဆိုရင် ကျွန်ုပ်တို့ ချစ်မြတ်နိုးရတဲ့သူတွေအတွက် ဆုတောင်းပေးတာထက် ပိုကောင်းတဲ့အရာ ဘာရှိသေးသလဲ။ *

မောရှေဆီကနေ အများကြီးသင်ယူနိုင်တယ်ဆိုတာ သင် သဘောတူတယ် မဟုတ်ဘူးလား။ သူဟာ သာမန်လူသားတစ်ယောက် ဖြစ်ပေမဲ့လည်း ယုံကြည်ခြင်း၊ နှိမ့်ချမှု၊ မေတ္တာတို့နဲ့ပတ်သက်ပြီး စံနမူနာကောင်းကို ထူးထူးခြားခြား ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့စံနမူနာကို ကျွန်ုပ်တို့ ကြိုးစားတုပလေလေ ကျွန်ုပ်တို့ကိုယ်တိုင်ရော တခြားသူတွေပါ အကျိုးခံစားရလေလေပါပဲ။—ရောမ ၁၅:၄

^ စာပိုဒ်၊ 8 ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်စေဖို့ ကိုယ်တော်ရဲ့တောင်းဆိုချက်တွေကို ပြည့်မီအောင် စိတ်ရင်းမှန်နဲ့ ကြိုးစားရပါမယ်။ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၇ မှာဖတ်ကြည့်ပါ။