မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ကျမ်းစာခေတ်က အသုံးပြုခဲ့တဲ့ အကျော် (သစ်မွှေး) ဆိုတာ ဘာလဲ

အကျော် (သစ်မွှေး) ကို အဲဂါဝွတ်အပင်ကနေရရှိ

အဝတ်အထည်နဲ့ အိပ်ရာခင်းတွေ မွှေးကြိုင်စေဖို့ အကျော်ကို အသုံးပြုကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဆာလံ ၄၅:၈; သုတ္တံ ၇:၁၇; ရှောလမုန်သီချင်း ၄:၁၄) သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အကျော် (သစ်မွှေး) ကို အဲဂါဝွတ်အပင် (Agarwood; မျိုးစိတ် Aquilaria) ကနေ ရရှိခဲ့ပုံရတယ်။ အပင် ဆွေးသွားတဲ့အခါမှာ မွှေးကြိုင်တဲ့အဆီနဲ့ အစေးထွက်လာတယ်။ အဲဒီအပင်ရဲ့ အသားကို အမှုန့်ကြိတ်ပြီးတော့ “အကျော်” အနေနဲ့ ရောင်းကြတယ်။

သမ္မာကျမ်းစာမှာ အစ္စရေးလူမျိုးရဲ့ တဲတွေကို “ထာဝရဘုရား စိုက်တော်မူသော အကျော်ပင်” တွေနဲ့ နှိုင်းယှဉ်ထားတယ်။ (တောလည်ရာ ၂၄:၅၊ ၆) ဒါဟာ ပေတစ်ရာလောက်မြင့်ပြီး အကိုင်းအခက်တွေပြန့်ကားနေတဲ့ အဲဂါဝွတ်အပင်ကို ရည်ညွှန်းနေပုံရတယ်။ အဲဂါဝွတ်အပင်တွေကို ဒီနေ့ခေတ် အစ္စရေးနိုင်ငံမှာ မတွေ့ရတော့ပေမဲ့ “တစ်ချိန်က ချမ်းသာပြီး လူဦးရေထူထပ်တဲ့ ဂျော်ဒန်ချိုင့်ဝှမ်းမှာ ဒီအပင်နဲ့ ဒီနေ့ခေတ် [အဲဒီဒေသမှာ] မတွေ့ရတော့တဲ့ တခြားအပင်တွေကို စိုက်ခဲ့နိုင်တယ်ဆိုတဲ့အချက်ကိုတော့ ငြင်းစရာအကြောင်းမရှိဘူး” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—A Dictionary of the Bible.

ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်မှာ ဘယ်လိုပူဇော်သကာတွေကို လက်ခံသလဲ

ဂျေရုဆလင် ဗိမာန်တော်က ဒီရွှံ့တံဆိပ်တုံးဟာ အနှစ် ၂,၀၀၀ လောက် သက်တမ်းရှိ

ဗိမာန်တော်မှာပူဇော်တဲ့ ပူဇော်သကာအားလုံးဟာ အကောင်းဆုံးအရည်အသွေး ရှိရမယ်လို့ ဘုရားသခင့်ပညတ်မှာ ဖော်ပြထားတယ်။ အပြစ်အနာအဆာပါတဲ့ ပူဇော်သကာတွေကို ဘုရားသခင် လက်မခံဘူး။ (ထွက်မြောက်ရာ ၂၃:၁၉; ဝတ်ပြုရာ ၂၂:၂၁-၂၄) အဲဒီအချိန်က ယဇ်ပုရောဟိတ်တွေဟာ ပူဇော်ဖို့ယူလာတဲ့ တိရစ္ဆာန်တွေမှာ “ဘာအပြစ်အနာအဆာမှမပါ” စေဖို့ “ခေါင်းကနေ ခြေထောက်အထိ” သေချာစစ်ဆေးကြတယ်လို့ အေဒီပထမရာစုက ဂျူးစာရေးဆရာဖီလို ပြောပြတယ်။

ဗိမာန်တော် အရာရှိတွေက “ယဇ်ပုရောဟိတ်တွေ စစ်ဆေးပြီးသား တိရစ္ဆာန်တွေ၊ ငှက်တွေကိုပဲ ရောင်းခွင့်ပြုပုံရတယ်။ ပူဇော်ရာယဇ်ကောင်ရောင်းချသူက ဝယ်ယူသူကို တိုကင်ပြားပါ ပေးလိုက်တယ်။ အဲဒီတိုကင်ပြားက ယဇ်ကောင်မှာ အပြစ်အနာအဆာမရှိဘူးဆိုတာကို ဖော်ပြရာရောက်တယ်” လို့ ကျမ်းပညာရှင် အီ၊ ပီ၊ ဇန်ဒါက ပြောပြတယ်။

၂၀၁၁ ခုနှစ်မှာ ရှေးဟောင်းသုတေသီတွေဟာ ဗိမာန်တော်ဝန်းကျင်ကနေ အဲဒီလိုမျိုး တိုကင်ပြားကို တွေ့ ရှိခဲ့တယ်။ အဲဒီတိုကင်ပြားဟာ ခရစ်နှစ်မတိုင်ခင် ပထမရာစုကနေ ခရစ်နှစ် ၇၀ အတွင်း အသုံးပြုခဲ့ပုံရတဲ့ ဒ င်္ဂါးအရွယ် ရွှံ့တံဆိပ်တုံးလေးဖြစ်တယ်။ ရှေးဟောင်းသုတေသီတချို့က တိုကင်ပြားမှာပါတဲ့ အာရမိတ်စကားလုံးနှစ်လုံးကို “ဘုရားအတွက်သာ” လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ဗိမာန်တော်အရာရှိတွေက အဲဒီတိုကင်ပြားတွေကို ဝတ်ပြုရေးမှာ အသုံးပြုမယ့် ပစ္စည်းတွေ၊ ယဇ်ကောင်တွေနဲ့ တွဲချိတ်ပေးထားပုံရတယ်။ ဖြစ်နိုင်တာက ဗိမာန်တော်မှာ တာဝန်ရှိသူတွေဟာ ဘာသာရေးဓလေ့ထုံးစံတွေမှာ အသုံးပြုမယ့်အရာတွေ၊ ပူဇော်မယ့်တိရစ္ဆာန်တွေကို မှတ်သားဖို့ ဒီတိုကင်ကို ထုတ်ခဲ့တယ်။