အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း
ယေဟောဝါသက်သေတွေက ယေရှုကို ယုံသလား
အခုဖော်ပြမယ့် ဆွေးနွေးခန်းက သက်သေခံတစ်ဦးနဲ့ အိမ်ရှင်တစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်းဖြစ်ပါတယ်။ သက်သေခံရဲ့နာမည်ကို ကိုလှဦး၊ အိမ်ရှင်ရဲ့နာမည်ကို ကိုစိုးသိန်းလို့ ဆိုကြပါစို့။
ယေရှုကိုယုံဖို့ အရေးကြီး
ကိုလှဦး– နေကောင်းတယ်နော် ကိုစိုးသိန်း။
ကိုစိုးသိန်း– နေကောင်းပါတယ်။ လာပါ။
ကိုလှဦး– ခင်ဗျားအတွက် နောက်ဆုံးထုတ် ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေ ယူလာပေးတယ်။ ဒီမဂ္ဂဇင်းတွေဖတ်ရတာ ကြိုက်တယ်မဟုတ်လား။
ကိုစိုးသိန်း– ကြိုက်ပါတယ်။ ဒီနေ့ ခင်ဗျားလာတာနဲ့ အတော်ပဲ။ ခင်ဗျားကို မေးစရာတစ်ခုရှိတယ်။
ကိုလှဦး– ဘာမေးမလို့လဲ။
ကိုစိုးသိန်း– ဟိုတစ်နေ့က ကျွန်တော့်အလုပ်ဖော်နဲ့ စကားပြောဖြစ်တယ်။ ခင်ဗျားပေးတဲ့မဂ္ဂဇင်းတွေက အရမ်းကောင်းတဲ့အကြောင်း သူ့ကို ပြောပြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေက ယေရှုကိုမယုံလို့ သူတို့စာစောင်တွေကို မဖတ်နဲ့လို့ ကျွန်တော့်ကို ပြောလာတယ်။ ဒါ တကယ်ပဲလား။ နောက်တစ်ခေါက် ခင်ဗျားလာတဲ့အခါ အဲဒီအကြောင်း မေးကြည့်မယ်လို့ သူ့ကို ကျွန်တော် ပြောလိုက်တယ်။
ကိုလှဦး– ဒီအကြောင်း ကျွန်တော့်ကို တိုက်ရိုက်မေးလို့ ဝမ်းသာပါတယ်။ လူတစ်ယောက် ဘာယုံကြည်တယ်ဆိုတာ သိချင်ရင် သူ့ကိုမေးလိုက်တာ အကောင်းဆုံးပဲမဟုတ်လား။
ကိုစိုးသိန်း– ဟုတ်ပါတယ်။
ကိုလှဦး– ယေရှုကို ယုံကြည်ကြောင်းပြမှ ကယ်တင်ခြင်းရမယ်လို့ ကျွန်တော်တို့ ယေဟောဝါသက်သေတွေ ခံယူထားပါတယ်။
ကိုစိုးသိန်း– ယေရှုကို ခင်ဗျားတို့ ယုံတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ယေရှုကိုမယုံဘူးလို့ အလုပ်ဖော်ပြောလာတော့ ကျွန်တော် အံ့ဩသွားတယ်။ ဒီအကြောင်း မဆွေးနွေးဖူးဘူးထင်တယ်။
ကိုလှဦး– ဒါဆို ဒီနေ့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။ ယေရှုကိုယုံဖို့ အရေးကြီးကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်တချို့ကို ခင်ဗျားကို ပြချင်တယ်။ တခြားသူတွေကို ဟောပြောတဲ့အခါ ယေဟောဝါသက်သေတွေက အဲဒီကျမ်းချက်တွေကို အမြဲသုံးနေကျပဲ။ အရင်ဆုံး ယောဟန် ၁၄:၆ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုစကားတွေကို ဖတ်ကြည့်ရအောင်။ တမန်တော်တစ်ယောက်ကို ယေရှု ပြောခဲ့တဲ့စကားတွေ ဖြစ်တယ်။ အဲဒီမှာ ဒီလိုရေးထားတယ်– “ယေရှုက ‘ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။’” ဒီကျမ်းချက်အရ ခမည်းတော်ဆီ ရောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဘာဖြစ်မလဲ။
ကိုစိုးသိန်း– ယေရှုကနေတစ်ဆင့်ဖြစ်တယ်။
ကိုလှဦး– မှန်တယ်။ ယေဟောဝါသက်သေတွေ အဲဒီအချက်ကို အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဆုတောင်းတိုင်း ယေရှုကနေတစ်ဆင့် ယေဟောဝါဘုရားဆီ ဆုတောင်းကြတယ်။
ကိုစိုးသိန်း– ဪ၊ အဲဒီလိုလား။
ကိုလှဦး– ယောဟန် ၃:၁၆ ကိုလည်း ကြည့်ရအောင်။ ဒီကျမ်းချက်ကို ခရစ်ဝင်ကျမ်းတွေရဲ့ အနှစ်ချုပ်လို့ ပြောနိုင်တယ်။ ဆိုလိုတာက ယေရှုရဲ့ မြေကြီးအသက်တာအကြောင်း၊ ဟောပြောခြင်းလုပ်ငန်းအကြောင်းကို ကျမ်းချက်တစ်ချက်တည်းနဲ့ ပြပါဆိုရင် ဒီကျမ်းချက်ကို ပြလို့ရတယ်။ ကျေးဇူးပြုပြီး ဖတ်ပေးနိုင်မလား။
ကိုစိုးသိန်း– ရပါတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊
ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”ကိုလှဦး– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်ကို ခင်ဗျား သိသလား။
ကိုစိုးသိန်း– သိတာပေါ့။ ဘုရားကျောင်းမှာ အမြဲကြားနေကျပဲ။
ကိုလှဦး– ဒီကျမ်းချက်က လူသိများတဲ့ကျမ်းချက်ဖြစ်တယ်။ ယေရှုပြောတာကို သတိထားကြည့်ပါ။ ဘုရားက လူတွေကိုချစ်လို့ ထာဝရအသက် ရစေချင်တယ်။ ဒါပေမဲ့ လူတွေဘက်က ဘာလုပ်ဖို့လိုသလဲ။
ကိုစိုးသိန်း– ယုံကြည်ဖို့လိုတယ်။
ကိုလှဦး– ဟုတ်တယ်။ တိတိကျကျပြောရရင် တစ်ပါးတည်းသောသားတော် ယေရှုခရစ်ကို ယုံကြည်ဖို့လိုတယ်။ ကင်းမျှော်စင် မဂ္ဂဇင်းရဲ့ စာမျက်နှာ ၂ မှာဖော်ပြထားသလို “လူတွေ ထာဝရအသက်ရရှိအောင် အသေခံပြီး အခုအချိန်မှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် အုပ်ချုပ်နေတဲ့ ယေရှုခရစ်ကို ယုံကြည်လာဖို့” ရည်ရွယ်ချက်နဲ့ ကင်းမျှော်စင်ကို ထုတ်ဝေထားတာဖြစ်တယ်။
ကိုစိုးသိန်း– ဟုတ်တယ်နော်။ ဒီမဂ္ဂဇင်းမှာကိုက ယေဟောဝါသက်သေတွေ ယေရှုကိုယုံကြည်တယ်ဆိုတာ ဖော်ပြထားတာပဲ။ ဒါဆိုရင် ယေဟောဝါသက်သေတွေက ယေရှုကိုမယုံဘူးလို့ လူတွေ ဘာလို့ပြောကြတာလဲ။
ကိုလှဦး– အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဥပမာ၊ တခြားသူတွေ အဲဒီလိုပြောတာ ကြားဖူးလို့ ဖြစ်နိုင်တယ်။ သူတို့ရဲ့ ဓမ္မဆရာတွေ သင်ပေးထားတာလည်း ဖြစ်နိုင်တယ်။
ကိုစိုးသိန်း– ဒါမှမဟုတ် ခင်ဗျားတို့က ယေရှုသက်သေလို့မဟုတ်ဘဲ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ယူထားလို့လည်း ဖြစ်နိုင်တယ်မဟုတ်လား။
ကိုလှဦး– ဖြစ်နိုင်ပါတယ်။
ကိုစိုးသိန်း– ခင်ဗျားတို့က ယေဟောဝါအကြောင်း ဘာဖြစ်လို့ ဒီလောက်တောင် ပြောကြတာလဲ။
“ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါမည်”
ကိုလှဦး– ယေရှုဟာ ယေဟောဝါဆိုတဲ့ ဘုရားရဲ့နာမည်ကို အသုံးပြုခဲ့သလို ကျွန်တော်တို့လည်း ဘုရားရဲ့နာမည်ကို သုံးဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ ယေရှု သူ့ဖခင်ဆီ ဘယ်လို ဆုတောင်းခဲ့သလဲဆိုတာ ယောဟန် ၁၇:၂၆ မှာ ဖတ်ကြည့်ရအောင်။ ခင်ဗျားဖတ်ပေးနိုင်မလား။
ကိုစိုးသိန်း– ရပါတယ်။ “ကျွန်ုပ်အား ချစ်တော်မူသောမေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန် ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။”
ကိုလှဦး– ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ နာမည်ကို ကြားသိစေပါပြီလို့ ယေရှု ပြောတယ်။ ဘာကြောင့် ကြားသိစေတယ်လို့ ခင်ဗျားထင်သလဲ။
ကိုစိုးသိန်း– ကျွန်တော် မပြောတတ်ဘူး။
ယေရှုကို ယုံကြည်ကြောင်းပြမှ ကယ်တင်ခံရမှာဖြစ်
ကိုလှဦး– နောက်ကျမ်းတစ်ချက်ကို ဖတ်ကြည့်ရင် ခင်ဗျားသိလာနိုင်ပါတယ်။ အဲဒီကျမ်းချက်ကတော့ တမန်တော် ၂:၂၁ ပါ။ အဲဒီမှာ အခုလိုဖတ်ရတယ်– “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” ဒီမှာဖော်ပြထားသလိုပဲ ယေဟောဝါဘုရားရဲ့နာမည်ကို ခေါ်မှ ကယ်တင်ခြင်းရမှာဖြစ်တယ်။ အဲဒီအချက်ကို ယေရှုလည်း သိထားမှာသေချာတယ်။ ဟုတ်တယ်မဟုတ်လား။
ကိုစိုးသိန်း– အင်း၊ သိထားနိုင်ပါတယ်။
ကိုလှဦး– ဘုရားရဲ့နာမည်ကို သိပြီး အသုံးပြုမှ တပည့်တွေ ကယ်တင်ခြင်း ရမှာဖြစ်လို့ ယေရှုက ဘုရားရဲ့နာမည်ကို ဖော်ပြပေးတာဖြစ်တယ်။ အခုအချိန်မှာလည်း တခြားသူတွေ ဘုရားရဲ့နာမည်ကို သိပြီး ခေါ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံယူထားတယ်။ ဒါကြောင့် ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ အသုံးပြုတာဖြစ်တယ်။
ကိုစိုးသိန်း– လူတွေက ဘုရားနာမည်ကို မသိဘူး၊ မသုံးဘူးဆိုရင်တောင် ဘုရားလို့ပြောရုံနဲ့ လုံလောက်တယ်မဟုတ်လား။ ဘယ်သူ့အကြောင်း ပြောနေတယ်ဆိုတာ သိနိုင်တာပဲ။
ကိုလှဦး– သိနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားက သူ့နာမည်ကို ကျွန်တော်တို့ကို ပြောပြတာက သူနဲ့ ပိုပြီးရင်းနှီးစေချင်လို့ဖြစ်တယ်။
ကိုစိုးသိန်း– ဘာကို ဆိုလိုတာလဲ။
ကိုလှဦး– ဥပမာ၊ မောရှေရဲ့နာမည်ကို ကျွန်တော်တို့ သိစရာမလိုပါဘူး။ ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တဲ့သူ၊ ပညတ်တော်ဆယ်ပါးကို ရခဲ့တဲ့သူလို့ပဲ ပြောရင်ရတယ်မဟုတ်လား။ နောဧရဲ့ နာမည်ကိုရော သိဖို့လိုလို့လား။ သင်္ဘောကြီးဆောက်ပြီး သူ့မိသားစုနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ခဲ့သူလို့ပဲသိရင် လုံလောက်ပြီမဟုတ်လား။ ယေရှုခရစ်ကိုတောင် ကောင်းကင်ကနေ မြေကြီးကိုလာပြီး လူသားတွေအတွက် အသေခံပေးတဲ့သူလို့ပဲ ပြောလို့ရတယ်မဟုတ်လား။
ကိုစိုးသိန်း– အင်း၊ ရတော့ရပါတယ်။
ကိုလှဦး– ဒါပေမဲ့ သူတို့တစ်ယောက်စီရဲ့ နာမည်ကို ဘုရားသခင် ဖော်ပြပေးထားတယ်။ အဲဒီလိုဖော်ပြပေးတဲ့အတွက် သူတို့ တကယ်အသက်ရှင်ခဲ့တယ်ဆိုတာ ပိုပြီးယုံကြည်စေတယ်။ မောရှေ၊ နောဧနဲ့ ယေရှုတို့ကို ကျွန်တော်တို့ တစ်ခါမှမတွေ့ဖူးကြပေမဲ့ သူတို့ရဲ့နာမည်တွေကို သိရလို့ သူတို့နဲ့ ရင်းနှီးလာတယ်လို့ ခံစားရတယ်မဟုတ်လား။
ကိုစိုးသိန်း– ဟုတ်တာပဲ။ အဲဒီလို တစ်ခါမှ မတွေးမိဘူး။
ကိုလှဦး– ဒီအကြောင်းကြောင့်လည်း ယေဟောဝါသက်သေတွေက ဘုရားရဲ့နာမည်ကို အသုံးပြုကြတာဖြစ်တယ်။ ယေဟောဝါဘုရားက တကယ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ကိုယ်တော်နဲ့ ရင်းနှီးမိတ်ဖွဲ့လို့ရတယ်ဆိုတာ ကျွန်တော်တို့လိုပဲ တခြားသူတွေကိုလည်း ယုံကြည်လာစေချင်တယ်။ တစ်ချိန်တည်းမှာ ကယ်တင်ခြင်းရဖို့ ယေရှုလုပ်ဆောင်ပေးရာတွေကိုလည်း ကျွန်တော်တို့ လေးမြတ်တန်ဖိုးထားပါတယ်။ အဲဒီအချက်ကိုသိနိုင်ဖို့ နောက်ကျမ်းချက်တစ်ချက် ပြချင်တယ်။ အစမှာဖတ်ခဲ့တဲ့ ယောဟန် ၁၄:၆ မှာ ယေရှုဟာ လမ်းခရီး၊ အမှန်တရားနဲ့ အသက်ဖြစ်တယ်လို့ ဖော်ပြထားတယ်။ အဲဒီအခန်းကြီးရဲ့ ဦးဆုံးအခန်းငယ်ကို ဖတ်ကြည့်ရအောင်။ ယောဟန် ၁၄:၁ ရဲ့ အဆုံးပိုင်းမှာ ယေရှုဘာပြောထားသလဲဆိုတာ ဖတ်ပေးနိုင်မလား။
ကိုစိုးသိန်း– ရပါတယ်။ “ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြကြလော့။ ငါ့ကိုလည်း ယုံကြည်ကြောင်း တင်ပြကြလော့။”
ကိုလှဦး– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်က ယေရှု ဒါမှမဟုတ် ယေဟောဝါ နှစ်ဦးထဲက တစ်ဦးကိုပဲ ယုံကြည်ရမယ်လို့ ဆိုထားသလား။
ကိုစိုးသိန်း– မဆိုထားပါဘူး။ နှစ်ဦးလုံးကို ယုံကြည်ရမယ်လို့ ပြောတယ်။
ကိုလှဦး– မှန်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုကို ယုံပါတယ်လို့ ပြောရုံလောက်နဲ့လည်း မပြီးသေးဘူး။ ကျွန်တော်တို့ယုံကြည်ကြောင်းကို လုပ်ရပ်နဲ့တင်ပြဖို့ အရေးကြီးတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုကို ယုံတယ်ဆိုတာ ဘယ်လိုပြရမလဲ။ အဲဒီအကြောင်း နောက်တစ်ခေါက်မှ ဆွေးနွေးကြရအောင်။ *
ကိုစိုးသိန်း– ကောင်းပါတယ်။ နောက်တစ်ခေါက် ပြန်တွေ့ကြရအောင်။
သင်သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတစ်ခုခုကို သိချင်ပါသလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က သင့်ကို ဝမ်းသာအားရ ပြောပြကြပါလိမ့်မယ်။
^ စာပိုဒ်၊ 50 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၂ ကို ဖတ်ကြည့်ပါ။ အဲဒီစာအုပ်ကို jw.org/mya ကနေလည်း ရရှိနိုင်ပါတယ်။