သင့်ကလေးကို ဘယ်လိုဆုံးမသင့်သလဲ
“ကားသံကြားတိုင်း ကျွန်တော် နားစွင့်မိတယ်။ ဂျော်ဒန် အိမ်ပြန်နောက်ကျတာ ဒါနဲ့ပါဆို ၃ ခါရှိနေပြီ။ ‘သူ ဘယ်ရောက်နေလဲ။ တစ်ခုခုများ ဖြစ်နေပြီလား။ မိဘတွေ စိတ်ပူနေတာကို သူ မသိဘူးလား’ လို့ ကျွန်တော် တွေးမိတယ်။ သူ အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်ရဲ့ဒေါသ ပေါက်ကွဲခါနီးနေပြီ။”—ဂျော့ခ်ျ။
“သမီးက စူးစူးဝါးဝါး အော်လိုက်တော့ ကျွန်မ လန့်ဖျပ်သွားတယ်။ လှည့်ကြည့်လိုက်တော့ သမီးက ခေါင်းကိုင်ပြီး ငိုနေတယ်။ လေးနှစ်အရွယ် မောင်လေးက သူ့ကိုရိုက်လိုက်တာကိုး။”—နီကိုလ်။
“‘ဒီလက်စွပ်ကို သမီး ခိုးတာမဟုတ်ပါဘူး။ ကောက်ရတာပါ’ လို့ ကျွန်တော်တို့ရဲ့ ခြောက်နှစ်သမီးလေး နာတာလီက ပြောတယ်။ သူ့ရဲ့အပြာရောင်မျက်လုံးတွေက အပြစ်မရှိတဲ့ပုံပဲ။ သူ အဲဒီလိုဇွတ်ငြင်းနေတော့ ဝမ်းနည်းလွန်းလို့ မျက်ရည်တောင် ကျမိတယ်။ သူလိမ်ပြောနေတာ ကျွန်တော်တို့ သိတယ်။”—စတီဗင်။
သင်ဟာ မိဘတစ်ဦးဆိုရင် အဲဒီလိုအဖြစ်မျိုး ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင် ဒီမေးခွန်းတွေကို သင်စဉ်းစားမိနိုင်တယ်– ‘ကလေးကို ဆုံးမသင့်သလား။ ဆုံးမသင့်တယ်ဆိုရင် ဘယ်လိုဆုံးမသင့်သလဲ။ ကလေးကို ဆုံးမတာ မှားသလား။’
ဆုံးမတယ်ဆိုတာ ဘာလဲ
ကျမ်းစာအရ “ဆုံးမ” တယ်ဆိုတာ ရိုက်တာ၊ အပြစ်ပေးတာလောက်ပဲ မဟုတ်ဘူး။ ဆုံးမတယ်ဆိုတာ သင်ကြားပေးတာ၊ ပညာပေးတာ၊ တည့်မတ်ပေးတာနဲ့ အဓိက ပတ်သက်တယ်။ ပက်ပက်စက်စက်ပြော၊ ရက်ရက်စက်စက် အပြစ်ပေးတာတွေနဲ့ လုံးဝမပတ်သက်ဘူး။—သုတ္တံ ၄:၁၊ ၂။
မိဘတွေရဲ့ ဆုံးမမှုကို အပင်စိုက်ပျိုးတာနဲ့ တင်စားလို့ရတယ်။ ဥယျာဉ်မှူးက မြေကြီးကို တူးဆွမယ်၊ အပင်ကို ရေလောင်းပြီး မြေသြဇာထည့်မယ်၊ အပင်ဖျက်ပိုးတွေကနေ ကာကွယ်မယ်၊ ပေါင်းပင်တွေ ရှင်းပေးမယ်။ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ကြီးထွားလာဖို့ မလိုတဲ့အကိုင်းအခက်တွေကိုလည်း ခုတ်ဖြတ်ပေးရမယ်။ ဒီလိုမျိုး နည်းလမ်းအမျိုးမျိုးနဲ့ ပြုစုမှသာ အပင်သန်မယ်ဆိုတာ ဥယျာဉ်မှူးသိတယ်။ အဲဒီလိုပါပဲ၊ မိဘတွေက သားသမီးတွေကို နည်းအမျိုးမျိုးနဲ့ ဂရုစိုက်ပေးကြတယ်။ မလိုတဲ့အကိုင်းအခက်တွေကို ခုတ်ဖြတ်ပေးရသလို ကလေးရဲ့ဉာဉ်ဆိုးတွေကို ငယ်ငယ်ကတည်းက ဖယ်ရှားပေးဖို့လိုတယ်။ ဒါမှ ကလေးဟာ လူကောင်းတစ်ယောက် ဖြစ်လာမယ်။ ဒါပေမဲ့ မလိုတဲ့အကိုင်းတွေကို ခုတ်တဲ့အခါ သတိထားဖို့လိုတယ်။ မဟုတ်ရင် အပင်သေသွားနိုင်တယ်။ အဲဒီလိုပဲ ကလေးကို ဆုံးမတဲ့အခါ မေတ္တာနဲ့ ဂရုစိုက်ပြီး ဆုံးမဖို့လိုတယ်။
မိဘတွေဟာ ဆုံးမတဲ့နေရာမှာ ယေဟောဝါဘုရားကို တုပသင့်ပါတယ်။ ကိုယ်တော်ရဲ့ဆုံးမမှုဟာ တကယ့်ကိုထိရောက်ပြီး နှစ်သက်စရာကောင်းတာကြောင့် နာခံမှုရှိတဲ့လူသားတွေဟာ ကိုယ်တော်ရဲ့ “ဆုံးမပဲ့ပြင်မှုကို နှစ်သက်” ကြတယ်။ (သုတ္တံ ၁၂:၁၊ ခမ) ‘ဆုံးမသွန်သင်ခြင်းကို မလွတ်တမ်းကိုင်ဆွဲ’ ကြတယ်။ (သုတ္တံ ၄:၁၃၊ သမ္မာ) အဲဒီလိုပဲ၊ သင့်ရဲ့ဆုံးမမှုကိုလည်း ကလေးတွေ လွယ်လွယ်ကူကူ လက်ခံလာအောင် ဘုရားသခင်ရဲ့ ဆုံးမမှုကနေ အချက်သုံးချက်ကို သင် တုပနိုင်ပါတယ်။ အဲဒါတွေကတော့ (၁) မေတ္တာကို အခြေခံခြင်း၊ (၂) အကျိုးသင့်အကြောင်းသင့်ရှိခြင်း၊ (၃) တစ်သမတ်တည်းရှိခြင်းတို့ ဖြစ်ပါတယ်။
ဆုံးမတဲ့အခါ မေတ္တာပေါ် အခြေခံပါ
ဘုရားသခင် ဆုံးမတဲ့အခါ ချစ်လို့ ဆုံးမတာဖြစ်ပြီး အမြဲတမ်း မေတ္တာနဲ့ ဆုံးမတယ်။ ကျမ်းစာက ခုလိုဆိုတယ်– “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။” (သုတ္တံ ၃:၁၂) အဲဒီအပြင် ယေဟောဝါဘုရားက “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်” တဲ့ဘုရားလည်း ဖြစ်တယ်။ (ထွက်မြောက်ရာ ၃၄:၆) ဒါကြောင့် ယေဟောဝါဘုရားက ဘယ်တော့မှ ပစ်ပစ်ခါခါပြောတာ၊ ရက်ရက်စက်စက် အပြစ်ပေးတာမျိုး မရှိဘူး။ လူတစ်ယောက်ကို “သန်လျက်နဲ့ ထိုး” သလို ကြမ်းကြမ်းတမ်းတမ်းပြောတာ၊ အမြဲတမ်းအပြစ်ရှာတာ၊ နာအောင် ခနဲ့တဲ့တဲ့ပြောတာမျိုးလည်း မရှိဘူး။—သုတ္တံ ၁၂:၁၈။
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တဲ့နေရာမှာ ဘုရားသခင်ရဲ့ ပြည့်ဝစုံလင်တဲ့ စံနမူနာကို မိဘတွေ အပြည့်အဝမတုပနိုင်တာတော့ မှန်ပါတယ်။ သည်းခံနိုင်စွမ်း ကုန်သွားတဲ့အခါမျိုးတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒေါသထွက်နေချိန် အပြစ်ပေးမယ်ဆိုရင် ကြမ်းတမ်းသွားနိုင်၊ တစ်ဖက်စွန်း ရောက်သွားနိုင်၊ ကိုယ်လိုချင်တာနဲ့ ဆန့်ကျင်ဘက်အကျိုးရလဒ်တွေ ထွက်ပေါ်စေနိုင်တယ်ဆိုတာကို သတိရသင့်တယ်။ ဒေါသနဲ့အပြစ်ပေးတာ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်နေချိန် အပြစ်ပေးတာကို ဆုံးမတယ်လို့ မခေါ်ပါဘူး။ အဲဒါက ဒေါသပေါက်ကွဲတာပါ။
ဒါပေမဲ့ မေတ္တာပေါ်အခြေခံပြီး ထိန်းထိန်းသိမ်းသိမ်း ဆုံးမမယ်ဆိုရင် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ အစမှာ ဖော်ပြခဲ့တဲ့ ဂျော့်ခ်ျနဲ့ နီကိုလ်တို့ သူတို့ကလေးတွေကို ဘယ်လိုဆုံးမခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။
“ဂျော်ဒန်ပြန်ရောက်တော့ ကျွန်တော်ရော ကျွန်တော့်မိန်းမပါ ဒေါသအရမ်းထွက်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ထိန်းပြီး သူရှင်းပြတာကို နားထောင်ပေးတယ်။ ညဉ့်နက်နေပြီဆိုတော့ ဒီကိစ္စကို မနက်ကျမှပဲ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိပ်ရာမဝင်ခင် ကျွန်တော်တို့ အတူတူ ဆုတောင်းကြတယ်။ နောက်တစ်နေ့မှာ ဒီအကြောင်း အေးအေးဆေးဆေးနဲ့ ကလေးနားဝင်အောင် ပြောနိုင်ခဲ့တယ်။ သူ့အပြစ်သူဝန်ခံပြီး ကျွန်တော်တို့ ချမှတ်တဲ့ စည်းကမ်းအသစ်တွေကို သူလိုလိုလားလား လက်ခံခဲ့တယ်။ စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှာ အလျင်စလို တုံ့ပြန်တာက မကောင်းဘူးဆိုတာ ကျွန်တော်တို့ နားလည်ခဲ့တယ်။ အရင်ဆုံးနားထောင်ပေးတဲ့အခါ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းလို့ရသွားတယ်။”—ဂျော့ခ်ျ။
“သားက သူ့အစ်မကို အလကားနေ သွားရိုက်တာတွေ့တော့ ကျွန်မ တအားဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူ့ကို ချက်ချင်းမဆုံးမဘဲ အခန်းထဲ သွားနေခိုင်းလိုက်တယ်။ ဒေါသနဲ့ဆိုတော့ လက်လွန်ခြေလွန် ဖြစ်သွားမှာစိုးလို့ပါ။ စိတ်ထိန်းနိုင်တဲ့အခါ အဲဒီလို ကြမ်းကြမ်းတမ်းတမ်းလုပ်တာတွေကို လုံးဝမကြိုက်ဘူးဆိုတာ သားကို ပြတ်ပြတ်သားသား ရှင်းပြပြီး သူ့အစ်မ ဘယ်လောက်နာသွားသလဲဆိုတာ ပြလိုက်တယ်။ အဲဒီလိုဆုံးမတာက အကျိုးရှိတယ်။ သူ့အစ်မကို သူ သွားတောင်းပန်ပြီး ဖက်လိုက်တယ်။”—နီကိုလ်။
အမှန်ပါပဲ၊ နည်းမှန်လမ်းကျဆုံးမတယ်ဆိုရင် ပြစ်ဒဏ်ပေးတဲ့အခါမှာတောင် မေတ္တာပါရမှာဖြစ်တယ်။
ဆုံးမတဲ့အခါ အကျိုးသင့်အကြောင်းသင့်ရှိပါ
ယေဟောဝါဘုရားက “အတော်အတန်ဆုံးမ” ပါတယ်။ (ယေရမိ ၃၀:၁၁; ၄၆:၂၈) ကိုယ်တော်က မမြင်သာတဲ့အခြေအနေတွေ အပါအဝင် အားလုံးကို ထည့်တွက်စဉ်းစားတယ်။ ဒီအချက်ကို မိဘတွေ ဘယ်လိုတုပနိုင်သလဲ။ ရှေ့မှာဖော်ပြခဲ့တဲ့ စတီဗင်က ခုလိုပြောတယ်– “သမီးလေး နာတာလီက လက်စွပ်မခိုးဘူးလို့ ဇွတ်ငြင်းနေလို့ အရမ်းစိတ်မကောင်းဖြစ်မိပေမဲ့ သူ့ရဲ့ အသက်အရွယ်၊ သူ့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျွန်တော်တို့ ထည့်စဉ်းစားခဲ့တယ်။”
နီကိုလ်ရဲ့ အမျိုးသား ရောဘတ်လည်း အခြေအနေအားလုံးကို ထည့်တွက်ပေးဖို့ ကြိုးစားသူဖြစ်တယ်။ ကလေးတွေဆိုးတဲ့အခါ ‘ဒါက မတော်တဆ ဖြစ်သွားတာလား၊ ဖြစ်နေကျဉာဉ်ဆိုးလား၊ ကလေးက ပင်ပန်းနေလို့လား၊ နေမကောင်းလို့လား၊ တခြားပြဿနာတစ်ခုခု ရှိနေလို့လား’ လို့ သူစဉ်းစားလေ့ရှိတယ်။
အကျိုးသင့်အကြောင်းသင့်ရှိတဲ့ မိဘတွေက ကလေးတွေဟာ လူကြီးမဟုတ်သေးဘူးဆိုတာကို သတိရတတ်ကြတယ်။ ကျမ်းရေးသူပေါလုလည်း ခုလို ဝန်ခံခဲ့တယ်– “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။” (၁ ကောရိန္သု ၁၃:၁၁) “အခြေအနေတွေကို အမှန်အတိုင်း မြင်တတ်ဖို့နဲ့ လွန်လွန်ကဲကဲ မလုပ်မိဖို့ ကျွန်တော့်ကို ထောက်ကူတဲ့အရာတစ်ခုကတော့ ကိုယ်ကိုယ်တိုင် ငယ်ငယ်က ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားခြင်းဖြစ်တယ်” လို့ ရောဘတ်ပြောပြတယ်။
အရေးကြီးတဲ့အချက်ကတော့ ကလေးရဲ့အသက်အရွယ်နဲ့အညီ မျှော်လင့်ရမယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့မှားယွင်းတဲ့အပြုအမူ၊ သဘောထားတွေကို အပြစ်မရှိဘူးလို့ပြောတာ၊ လျစ်လျူရှုတာမျိုးလည်း မလုပ်ရဘူး။ ကလေးရဲ့ လုပ်နိုင်စွမ်း၊ ဉာဏ်ရည်၊ အသက်အရွယ်စတဲ့ အခြေအနေအမျိုးမျိုးကို ထည့်တွက်မယ်ဆိုရင် သင့်ရဲ့ ဆုံးမမှုက မျှတပြီး အကျိုးသင့်အကြောင်းသင့် ရှိပါလိမ့်မယ်။
ဆုံးမတဲ့အခါ တစ်သမတ်တည်းရှိပါ
“ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ” လို့ ဘုရားသခင် ပြောခဲ့တယ်။ (မာလခိ ၃:၆) ဒီအချက်ကို ယုံကြည်စိတ်ချနိုင်တဲ့အတွက် ဘုရားသခင့်ကျေးကျွန်တွေဟာ လုံခြုံတယ်လို့ ခံစားရတယ်။ သင့်ရဲ့ ကလေးတွေကိုလည်း စံနှုန်းတစ်မျိုးတည်းနဲ့ ဆုံးမမယ်ဆိုရင် လုံခြုံတယ်လို့ သူတို့ခံစားရပါလိမ့်မယ်။ သင့်ရဲ့ စံနှုန်းက စိတ်အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနေမယ်ဆိုရင်တော့ ကလေးစိတ်ရှုပ်သွားနိုင်တယ်။
ယေရှု ခုလို ပြောခဲ့တယ်– “သင်တို့၏ စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။” ကလေးကို ဆုံးမတဲ့အခါ အဲဒီစကားတွေကို လိုက်နာသင့်တယ်။ (မဿဲ ၅:၃၇) ကလေးကို စည်းကမ်းနဲ့ ပြစ်ဒဏ်တွေ မပြောခင် သေချာစဉ်းစားပါ။ မလုပ်သင့်တာလုပ်ရင် ပြစ်ဒဏ်တစ်ခုခုပေးမယ်လို့ ပြောလိုက်တယ်ဆိုပါစို့။ ကလေးက လုပ်ခဲ့ရင် ပြောထားတဲ့အတိုင်း အပြစ်ပေးပါ။
မိဘနှစ်ပါးက ဆက်သွယ်မှုကောင်း ရှိမှသာ ကလေးတွေကို တစ်ပုံစံတည်း ဆုံးမနိုင်မှာဖြစ်တယ်။ ရောဘတ် ခုလိုရှင်းပြတယ်– “ကလေးတွေ ပူဆာလို့ ခွင့်ပြုလိုက်တဲ့ကိစ္စဟာ ဇနီးသည် တားထားတဲ့ကိစ္စမှန်း သိလိုက်တဲ့အခါ ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး ဇနီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံလိုက်တယ်။” ကိစ္စတစ်ခုကို မိဘနှစ်ပါး သဘောမတူတဲ့အခါ ကလေးတွေကွယ်ရာမှာ သီးသန့်ဆွေးနွေးပြီး နှစ်ဦးသဘောတူ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။
ဆုံးမဖို့ လိုအပ်
ယေဟောဝါဘုရားကို တုပပြီး မေတ္တာပါပါ၊ အကျိုးသင့်အကြောင်းသင့်ရှိရှိနဲ့ တစ်သမတ်တည်း ဆုံးမသွားမယ်ဆိုရင် ကလေးတွေအတွက် အကျိုးအများကြီးရှိပါတယ်။ သင့်ရဲ့ မေတ္တာပါလမ်းညွှန်ပေးမှုကြောင့် ကလေးတွေဟာ ရင့်ကျက်ပြီး တာဝန်သိတတ်တဲ့၊ ဟန်ချက်ညီညီ လုပ်ဆောင်တတ်တဲ့ လူကြီးတွေ ဖြစ်လာပါလိမ့်မယ်။ ကျမ်းစာက ခုလိုဆိုတယ်– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။”—သုတ္တံ ၂၂:၆။