အမှိုက်ပုံထဲက ရှေးဟောင်းရတနာတစ်ခု
အမှိုက်ပုံအကြောင်း စဉ်းစားလိုက်ရင် ဘာတွေများ မြင်ယောင်မိသလဲ။ နံဟောင်နေတဲ့ အမှိုက်သရိုက်တွေကို ချက်ချင်းမြင်ယောင်မိမှာပဲ။ ဒါကြောင့် အမှိုက်ပုံထဲကနေ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို တွေ့နိုင်မယ်လို့ သင်ထင်ပါသလား။
လွန်ခဲ့တဲ့အနှစ် ၁၀၀ က အမှိုက်ပုံထဲကနေ ရတနာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီရတနာဟာ တန်ဖိုးရှိပေမဲ့ တကယ့်ရတနာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် ဘယ်လိုရတနာမျိုးကို တွေ့ရှိခဲ့တာလဲ။ ဒီတွေ့ရှိချက်က ဒီနေ့ခေတ် ကျွန်ုပ်တို့အတွက် ဘာကြောင့်အရေးပါတာလဲ။
အမှတ်မထင်တွေ့ရှိခဲ့
၂၀ ရာစုအစပိုင်းမှာ အောက်စ်ဖို့တက္ကသိုလ်က ပညာရှင်တွေဖြစ်တဲ့ ဘားနဒ် ပီ. ဂရဲန်ဖဲလ်နဲ့ အာသာ အက်စ်. ဟန်တို့ဟာ အီဂျစ်ပြည်ကို သွားခဲ့ကြတယ်။ နိုင်းလ်မြစ်ချိုင့်ဝှမ်းနားမှာရှိတဲ့ အမှိုက်ပုံထဲကနေ ကျူစာအပိုင်းအစအတော်များများကို သူတို့ တွေ့ရှိခဲ့တယ်။ ၁၉၂၀ ခုနှစ်မှာ သူတို့ တွေ့ရှိတဲ့အပိုင်းအစတွေကို စာရင်းပြုစုနေတုန်း အီဂျစ်ပြည်မှာတူးဖော်ရရှိတဲ့ ကျူစာအပိုင်းအစတချို့ကို ဂရဲန်ဖဲလ် ထပ်မံရရှိလိုက်တယ်။ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဂျွန်ရိုင်ယန်စာကြည့်တိုက်အတွက် အဲဒါတွေကို သူ စုဆောင်းခဲ့တယ်။ ဒါပေမဲ့ စာရင်းပြုစုလို့ မပြီးခင်မှာပဲ သူတို့နှစ်ယောက်စလုံး ကွယ်လွန်သွားကြတယ်။
အောက်စ်ဖို့တက္ကသိုလ်က ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိုလင်န် အိပ်ခ်ျ. ရောဘတ်ဒ်က စာရင်းပြုစုတာကို လက်စသတ်နိုင်ခဲ့တယ်။ အဲဒီကျူစာအပိုင်းအစတွေကို အမျိုးအစားခွဲနေရင်း ၃.၅ နဲ့ ၂.၄ လက်မ အရွယ်ရှိတဲ့ ကျူစာအပိုင်းတစ်ခုကို တွေ့သွားတယ်။ အဲဒီကျူစာထဲမှာ သူသိထားတဲ့ ဂရိလက်ရေးစာကို တွေ့လိုက်တော့ အံ့သြသွားတယ်။ စာမျက်နှာတစ်ဖက်မှာ ယောဟန် ၁၈:၃၁-၃၃ နဲ့ နောက်တစ်ဖက်မှာ ယောဟန် ၁၈:၃၇၊ ၃၈ တို့ရဲ့ ကျမ်းစာသားတွေကို ရေးထားတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို တွေ့ရှိလိုက်ပြီလို့ ရောဘတ်ဒ် သဘောပေါက်သွားတယ်။
သက်တမ်းသတ်မှတ်ခြင်း
အဲဒီကျူစာအပိုင်းအစကို အလွန်ရှေးကျတဲ့စာပေလို့ ရောဘတ်ဒ် ခန့်မှန်းလိုက်တယ်။ သက်တမ်း ဘယ်လောက်ရှိမလဲ။ သက်တမ်းကို သိနိုင်ဖို့ ကျူစာအပိုင်းအစကလက်ရေးကို သက်တမ်းသတ်မှတ်ထားတဲ့ ရှေးစာမူတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့တယ်။ အဲဒါကို ပဲလီအိုဂရပ်ဖီလို့ခေါ်တယ်။ * ရောဘတ်ဒ်က အဲဒီနည်းနဲ့ ကျူစာရဲ့သက်တမ်းကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သက်တမ်းကို အတိအကျသိချင်တာကြောင့် ကျူစာအပိုင်းအစကို ဓာတ်ပုံရိုက်ပြီး ကျူစာပညာရှင်သုံးယောက်ဆီ ပို့ပေးလိုက်တယ်။ ပြီးတော့ ကျူစာရဲ့သက်တမ်းကို သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီပညာရှင်တွေက ဘယ်လိုသတ်မှတ်ပေးသလဲ။
ပညာရှင်သုံးယောက်စလုံးက အဲဒီကျူစာအပိုင်းအစရဲ့ လက်ရေးနဲ့ ခဲခြစ်ရာပုံစံတွေကို လေ့လာခဲ့ကြတယ်။ ကျူစာကို တမန်တော်ယောဟန်သေပြီးနောက် ဆယ်စုနှစ်အနည်းငယ်အကြာ ခရစ်နှစ် ၁၂၅ ခုနှစ်လောက်က ရေးသားခဲ့တယ်လို့ သူတို့ သတ်မှတ်ပေးခဲ့ကြတယ်။ ဒါပေမဲ့ စာမူရဲ့သတ်တမ်းကို ပဲလီအိုဂရပ်ဖီပညာရပ်နဲ့ တွက်ချက်တာက စိတ်မချရပါဘူး။ ဒီကျမ်းစာသားတွေကို ခရစ်နှစ်ဒုတိယရာစုအတွင်း ရေးသားခဲ့တာဖြစ်နိုင်တယ်လို့ ပညာရှင်တစ်ယောက်က ယူမှတ်တယ်။ ဒါပေမဲ့ အဲဒီကျူစာအပိုင်းအစလေးက တွေ့ရှိခဲ့သမျှ ဂရိကျမ်းစာစောင်တွေရဲ့ အလွန်ရှေးကျတဲ့ စာမူအပိုင်းအစလေးဖြစ်ပြီး အခုထိ မပျက်မယွင်းဘဲ ရှိနေပါသေးတယ်။
ရိုင်ယန်ကျူစာအပိုင်းလေးကနေ သိရှိရာ
ယောဟန်ခရစ်ဝင်ကျမ်းအပိုင်းလေးက ဒီနေ့ခေတ် သမ္မာကျမ်းစာကိုမြတ်နိုးတဲ့သူတွေအတွက် ဘာကြောင့် အရေးပါရတာလဲ။ အနည်းဆုံးအကြောင်းရင်း ၂ ခုကြောင့်ပါ။ ပထမ၊ ကျမ်းစာကို ပထမရာစုခရစ်ယာန်တွေ ဘယ်လောက်တောင် တန်ဖိုးထားခဲ့သလဲဆိုတာ ဒီအပိုင်းပုံစံလေးကနေ သိရှိရပါတယ်။
ယောဟန်ခရစ်ဝင်ကျမ်း အပိုင်းလေးက ဒီနေ့ခေတ် သမ္မာကျမ်းစာကိုမြတ်နိုးတဲ့သူတွေအတွက် ဘာကြောင့် အရေးပါရတာလဲ
ဒုတိယရာစုမှာ လက်ရေးစာပေတွေကို စာလိပ်ပုံစံ၊ ကိုဒတ်စ်ပုံစံနဲ့ ရေးသားကြတယ်။ ချပ်ပြားအရှည်ကြီးဖြစ်အောင် ကျူရွက်တွေ၊ သားရေအပိုင်းအစတွေကို ကော်နဲ့ကပ်ထားတာ ဒါမှမဟုတ် ချုပ်ထားတာကို စာလိပ်လို့ခေါ်တယ်။ ချပ်ပြားအရှည်ကြီးကို လိပ်နိုင်၊ ဖြန့်နိုင်ပြီး စာမျက်နှာတစ်ဖက်မှာပဲ စာရေးထားတယ်။
ဒါပေမဲ့ ရောဘတ်ဒ်တွေ့ရှိခဲ့တဲ့ ကျူစာအပိုင်းအစမှာတော့ စာမျက်နှာနှစ်ဖက်စလုံးမှာ စာရေးထားတယ်။ ဒါကြောင့် ဒီကျူစာအပိုင်းအစဟာ စာလိပ်ပုံစံမဟုတ်ဘဲ ကိုဒတ်စ်ပုံစံဖြစ်နိုင်တယ်။ ကိုဒတ်စ်ဆိုတာ သားရေပြားချပ်တွေ၊ ဒါမှမဟုတ် ကျူရွက်တွေကို ခေါက်ချိုးချိုးပြီး ချုပ်ထားတဲ့စာအုပ်ပုံစံဖြစ်တယ်။
ကိုဒတ်စ်က စာလိပ်ထက် ဘာကြောင့် ပိုကောင်းတာလဲ။ ပထမရာစုခရစ်ယာန်တွေဟာ သတင်းကောင်းဟောပြောသူတွေဖြစ်တယ်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) လူတွေကိုတွေ့နိုင်တဲ့ အိမ်တွေမှာ၊ ဈေးတွေမှာ၊ လမ်းပေါ်မှာ ကျမ်းစာသတင်းကောင်းကို သူတို့ ဟောပြောကြတယ်။ (တမန်တော် ၅:၄၂; ၁၇:၁၇; ၂၀:၂၀) ဒါကြောင့် ကိုဒတ်စ်ပုံစံနဲ့ ကျမ်းစာဟာ သယ်ရလွယ်ကူပြီး အသုံးပြုရတာလည်း လွယ်ကူတယ်။
အသင်းတော်တွေအတွက်၊ ကိုယ်ပိုင်အတွက် ကိုဒတ်စ်ပုံစံနဲ့ ကျမ်းစာအုပ်ကို ကူးရေးရတာ အခက်အခဲမရှိဘူး။ ခရစ်ဝင်ကျမ်းတွေကို ထပ်ခါထပ်ခါ ကူးရေးကြတဲ့အတွက် ခရစ်ယာန်ဘာသာလည်း ချက်ချင်းပျံ့နှံ့သွားတာဖြစ်နိုင်တယ်။
ကျွန်ုပ်တို့ခေတ်အတွက် ရိုင်ယန်ကျူစာအပိုင်းလေး အရေးပါရတဲ့ ဒုတိယအကြောင်းရင်းက မူရင်းကျမ်းစာသားတွေ ကူးရေးတဲ့အခါ ဘယ်လောက်တောင် တိကျမှန်ကန်မှုရှိသလဲဆိုတာ သိရှိရလို့ ဖြစ်တယ်။ အဲဒီအပိုင်းလေးထဲမှာ ယောဟန်ခရစ်ဝင်ကျမ်းရဲ့ စာသားအနည်းငယ်သာ ပါဝင်ပေမဲ့ စာသားရဲ့ဆိုလိုရင်းက ဒီနေ့ခေတ် ကျမ်းစာထဲက ဆိုလိုရင်းနဲ့ တစ်ထပ်တည်းတူနေတာကို တွေ့ရှိရပါတယ်။ ကျမ်းစာကို အထပ်ထပ်ကူးရေးခဲ့ပေမဲ့ ကျမ်းစာသားတွေက ဆိုလိုရင်း မပြောင်းလဲဘူးဆိုတာ ရိုင်ယန်ကျူစာအပိုင်းအစကနေ သိရှိရပါတယ်။
ကူးယူထားတဲ့ မူရင်းကျမ်းစာသားတွေကို ယုံကြည်စိတ်ချလို့ရကြောင်း ထောက်ခံတဲ့ ကျူစာအပိုင်းအစတွေ၊ လက်ရေးစာမူတွေ ထောင်နဲ့ချီရှိပါတယ်။ အဲဒီထဲမှာ ယောဟန်ခရစ်ဝင်ကျမ်းစာသားပါတဲ့ ရိုင်ယန်ကျူစာအပိုင်းလေးလည်း ပါဝင်ပါတယ်။ ဝမ်နာကေလာက သူ့ရဲ့စာအုပ် [The Bible as History] မှာဒီလိုမှတ်ချက်ပေးထားတယ်– “ဒီနေ့ခေတ် ကျမ်းစာသားတွေဟာ စစ်မှန်ပြီး ယုံကြည်စိတ်ချထိုက်တယ်ဆိုတာ အဲဒီရှေးကျတဲ့စာမူတွေက အခိုင်အမာ သက်သေထူလိုက်တာပဲ။”
ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်က ရှေးဟောင်းရှာဖွေတွေ့ရှိချက်တွေအပေါ် အခြေမခံပါဘူး။ အဲဒီအစား “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” မှန်း သူတို့ယုံကြည်ကြတယ်။ (၂ တိမောသေ ၃:၁၆) “ယေဟောဝါဘုရား၏တရားစကားတော်မူကား ထာဝစဉ်တည်မြဲ၏” ဆိုတဲ့ ကျမ်းစကားမှန်တယ်ဆိုတာကို အဖိုးတန်ရတနာဖြစ်တဲ့ ကျူစာအပိုင်းအစလေးက အတည်ပြုပေးလိုက်တယ်မဟုတ်လား။—၁ ပေတရု ၁:၂၅။
^ စာပိုဒ်၊ 8 ပဲလီအိုဂရပ်ဖီဆိုတာ “ရှေးဟောင်းစာပေတွေနဲ့ လက်ရေးကို လေ့လာတဲ့ပညာရပ်” ဖြစ်တယ်လို့ စာအုပ် [Manuscripts of the Greek Bible] မှာဖော်ပြထားတယ်။ နှစ်တွေကြာလာတာနဲ့အမျှ လက်ရေးပုံစံတွေ ပြောင်းလဲလာတယ်။ အဲဒီလိုပြောင်းလဲမူကြောင့် စာမူတစ်ခုရဲ့သက်တမ်းကို သိချင်တယ်ဆိုရင် ယုံကြည်စိတ်ချရပြီး သက်တမ်းသတ်မှတ်ထားတဲ့စာမူတွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။