ဂလာတိ ၄:၁-၃၁

  • ကျွန်တွေ မဟုတ်တော့၊ သားတွေဖြစ် (၁-၇)

  • ဂလာတိ အသင်းတော်အတွက် ပေါလုစိုးရိမ် (၈-၂၀)

  • ဟာဂရနဲ့ စာရာ- ပဋိညာဉ်နှစ်ခု (၂၁-၃၁)

    • ကျွန်တော်တို့ရဲ့မိခင် အထက်ဂျေရုဆလင် အစေခံ မဟုတ် (၂၆)

 ကျွန်တော်ပြောမယ်၊ အမွေဆက်ခံမယ့်သူဟာ အမွေပစ္စည်း ရှိသမျှကို  ပိုင်ဆိုင်တာမှန်ပေမဲ့  အရွယ်မရောက်သေးခင်မှာတော့ ကျွန်နဲ့ မခြားပါဘူး။ ၂  သူဟာ ဖခင်သတ်မှတ်ထားချိန်  မရောက်မချင်း  ကြီးကြပ်သူနဲ့ ဘဏ္ဍာထိန်းရဲ့ လက်အောက်မှာ ရှိနေတယ်။ ၃  အလားတူပဲ၊ ကျွန်တော်တို့လည်း ငယ်ရွယ်စဉ်မှာတော့ လောကရဲ့ အခြေခံတရားတွေအောက် ကျွန်ခံရတယ်။+ ၄  သတ်မှတ်ထားချိန်စေ့တဲ့အခါ ဘုရားသခင်က သားတော်ကိုစေလွှတ်လိုက်တယ်။ အဲဒီသားတော်ဟာ အမျိုးသမီးတစ်ဦးကနေ မွေးဖွားလာပြီး+ ပညတ်လက်အောက်မှာ ရှိခဲ့တယ်။+ ၅  သားတွေအဖြစ် ကျွန်တော်တို့ မွေးစားခံရအောင်+  အဲဒီသားတော်က ပညတ်လက်အောက်မှာ ရှိတဲ့သူတွေကို ဝယ်ပြီး လွတ်မြောက်စေတယ်။+ ၆  အခုတော့ ခင်ဗျားတို့ဟာ သားတွေဖြစ်နေပြီ။ ဒါကြောင့် ဘုရားသခင်က သားတော်ဆီမှာရှိတဲ့ စွမ်းအားတော်ကို+ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ထည့်ပေးလိုက်ပြီ။+ အဲဒီစွမ်းအားတော်ကြောင့် ကျွန်တော်တို့က “အဗ္ဗ၊* အဖ”+ လို့ ကြွေးကြော်ကြတယ်။ ၇  ခင်ဗျားတို့ဟာ ကျွန်တွေ မဟုတ်တော့ဘဲ သားတွေ ဖြစ်သွားပြီ။ သားဆိုရင် ဘုရားသခင်က အမွေခံလို့ သတ်မှတ်တယ်။+ ၈  ခင်ဗျားတို့ဟာ  ဘုရားသခင်ကို မသိခင်တုန်းကတော့ မှားယွင်းတဲ့ ဘုရားတွေဆီမှာ ကျွန်ခံခဲ့ကြတယ်။ ၉  အခုတော့ ခင်ဗျားတို့ ဘုရားသခင်ကို သိလာကြပြီ။ ဘုရားသခင်ကလည်း ခင်ဗျားတို့ကို သိထားပြီ။ ဒါနဲ့တောင် အကျိုးမရှိ၊ အသုံးမဝင်တဲ့ အခြေခံတရားတွေဆီ ပြန်လှည့်ပြီး+ ဘာလို့ ကျွန်ခံချင်ရတာလဲ။+ ၁၀  ခင်ဗျားတို့က နေ့တွေ၊ လတွေ၊+  ရာသီချိန်တွေ၊ နှစ်တွေကို အထူးတလည်  စောင့်ထိန်းနေကြတယ်။ ၁၁  ခင်ဗျားတို့အတွက် ကျွန်တော် ကြိုးစားအားထုတ်ခဲ့တာတွေ အချည်းနှီးဖြစ်သွားမှာ စိုးရိမ်မိတယ်။ ၁၂  ညီအစ်ကိုတို့၊ ကျွန်တော်လည်း ခင်ဗျားတို့လို ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် ပြောင်းလဲလိုက်ပြီဆိုတော့ ကျွန်တော့်လိုပဲ ပြောင်းလဲကြပါလို့ တောင်းပန်ချင်တယ်။+ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ၁၃  ကျွန်တော် နေမကောင်းဖြစ်သွားတဲ့အတွက်  ခင်ဗျားတို့ကို ဦးဆုံးအကြိမ် သတင်းကောင်း ဟောပြောခွင့်ရတာ ခင်ဗျားတို့သိပါတယ်။ ၁၄  ကျွန်တော် နေမကောင်းဖြစ်လို့ ခင်ဗျားတို့ အခက်တွေ့ရတာ မှန်ပေမဲ့ ကျွန်တော့်ကို မထီမဲ့မြင်ပြုတာ၊ ရွံပြီး တံတွေးနဲ့ထွေးတာတွေ  မလုပ်ခဲ့ဘူး။ ဘုရားရဲ့ ကောင်းကင်တမန်လို၊  ခရစ်တော်ယေရှုလို သဘောထားပြီး ကျွန်တော့်ကို လက်ခံခဲ့တယ်။ ၁၅  အဲဒီတုန်းက ခင်ဗျားတို့ ပျော်ရွှင်ခဲ့တာတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ မျက်စိကိုသာ ထုတ်ပြီး ပေးလို့ရရင် ကျွန်တော့်ကို ပေးခဲ့မှာပဲဆိုတာ ကျွန်တော် ပြောရဲတယ်။+ ၁၆  ကျွန်တော် အမှန်အတိုင်း ပြောလိုက်လို့ ခင်ဗျားတို့ရဲ့ရန်သူ ဖြစ်သွားပြီလား။ ၁၇  အဲဒီလူတွေ ခင်ဗျားတို့ကို အသည်းအသန် စည်းရုံးနေတာ စိတ်ရင်းမှန်နဲ့ မဟုတ်ဘူး။ ကျွန်တော်နဲ့ သွေးကွဲပြီး သူတို့ဘက်ပါသွားအောင် လုပ်ချင်နေကြတာ။ ၁၈  ကျွန်တော် ရှိနေတဲ့အချိန်လောက်တင်မကဘဲ အမြဲတမ်း ခင်ဗျားတို့ကို စိတ်ရင်းမှန်နဲ့ စည်းရုံးတဲ့သူရှိရင်တော့  ကောင်းပါတယ်။ ၁၉  ချစ်ရတဲ့သားသမီးတို့၊+ ခင်ဗျားတို့ကြောင့် ကျွန်တော်ဟာ သားဖွားတော့မယ့် မိခင်လို နာကျင်ခံစားရပြန်ပြီ။ ခင်ဗျားတို့ဆီမှာ ခရစ်တော်ရဲ့ အရည်အသွေးတွေ ရုပ်လုံးမပေါ်မချင်း အဲဒီလို ခံစားနေရမှာပဲ။ ၂၀  ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကြံရာမရဖြစ်နေလို့ ဒီအချိန်မှာ ခင်ဗျားတို့နဲ့အတူ ရှိပြီး ညင်ညင်သာသာ ပြောပြချင်လိုက်တာ။ ၂၁  ပညတ်တရားအောက်မှာ နေချင်သူတို့၊ ပညတ်တရားမှာ ဘာပြောထားလဲဆိုတာ မသိကြဘူးလား။ ၂၂  ဥပမာ၊ အာဗြဟံမှာ အစေခံမနဲ့ရတဲ့သား၊+ အစေခံ မဟုတ်တဲ့ မိန်းမနဲ့ရတဲ့သား+  ဆိုပြီး  သားနှစ်ယောက်ရှိတယ်လို့  ကျမ်းစာမှာ  ရေးထားတယ်။ ၂၃  အစေခံမနဲ့ရတဲ့ သားဟာ သမားရိုးကျ မွေးတဲ့သား၊+ အစေခံ မဟုတ်တဲ့ မိန်းမနဲ့ရတဲ့သားကတော့  ကတိတော်ကြောင့် မွေးတဲ့သားပဲ။+ ၂၄  ဒါတွေဟာ တင်စားချက်တွေပဲ။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ပဋိညာဉ်နှစ်ခုကို တင်စားတယ်။ ဆိုင်းနိုင်းတောင်မှာ+ ဖွဲ့ခဲ့တဲ့ပဋိညာဉ်ဟာ ကျွန်ဖြစ်မယ့် သားသမီးတွေကို မွေးဖွားတဲ့ ဟာဂရဖြစ်တယ်။ ၂၅  ဟာဂရက အာရပ်ပြည်မှာရှိတဲ့ ဆိုင်းနိုင်းတောင်ကို+ ဆိုလိုတယ်။ သားသမီးတွေနဲ့အတူ ကျွန်ခံနေရတဲ့အတွက် လက်ရှိဂျေရုဆလင်မြို့ကိုလည်း ဆိုလိုတယ်။ ၂၆  အထက်ဂျေရုဆလင်ကတော့ အစေခံ မဟုတ်တဲ့မိန်းမ၊ ကျွန်တော်တို့ရဲ့ မိခင်ပဲ။ ၂၇  “ကလေး မမွေးဖူးတဲ့ အမြုံမ၊ ဝမ်းမြောက်ပါ။ သားဖွားဝေဒနာ မခံစားဖူးတဲ့  အမျိုးသမီး၊  ရွှင်လန်းစွာ ကြွေးကြော်ပါ။  စွန့်ပစ်ခံရတဲ့  အမျိုးသမီးရဲ့ သားသမီးတွေဟာ ခင်ပွန်းရှိတဲ့ အမျိုးသမီးရဲ့  သားသမီးတွေထက် ပိုများလာပြီ”+ လို့ ကျမ်းစာမှာ ရေးထားတယ်။ ၂၈  ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ အိဇက်လိုပဲ ကတိတော်ကြောင့်ရတဲ့ သားသမီးတွေပါ။+ ၂၉  တစ်ချိန်တုန်းက သမားရိုးကျမွေးဖွားတဲ့ သားက စွမ်းအားတော်အားဖြင့်မွေးတဲ့ သားကို ညှဉ်းဆဲခဲ့သလို+ အခုလည်း အဲဒီလိုပဲဖြစ်နေတယ်။+ ၃၀  ဒါပေမဲ့ ကျမ်းစာမှာ ဘာပြောထားသလဲ။ “ဒီအစေခံမနဲ့ သူ့သားကို မောင်းထုတ်လိုက်ပါ။ အစေခံမရဲ့သားက အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားနဲ့အတူ လုံးဝ အမွေမခံရဘူး”+ လို့ပြောထားတယ်။ ၃၁  ဒါကြောင့် ညီအစ်ကိုတို့၊ ကျွန်တော်တို့ဟာ အစေခံမရဲ့ သားသမီးတွေ မဟုတ်ဘူး။ အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားသမီးတွေဖြစ်တယ်။

အောက်ခြေမှတ်ချက်များ

“ဖေဖေ” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူး (သို့) အာရမိတ်စကားလုံး။