မဿဲ ၁၅:၁-၃၉

  • ထုံးတမ်းစဉ်လာလိုက်တာကို ပြစ်တင်ရှုတ်ချ (၁-၉)

  • ညစ်ညူးတဲ့အရာဟာ စိတ်နှလုံးထဲက ထွက်လာ (၁၀-၂၀)

  • ဖိုနီးရှားအမျိုးသမီးရဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်း (၂၁-၂၈)

  • ရောဂါများစွာ ကုသပေး (၂၉-၃၁)

  • လူ ၄,၀၀၀ ကို ကျွေးမွေး (၃၂-၃၉)

၁၅  ဖာရိရှဲနဲ့ ကျမ်းတတ်တွေက ဂျေရုဆလင်မြို့ကနေ ယေရှုဆီ လာပြီး၊+ ၂  “ရှေးလူကြီးတွေရဲ့ ထုံးတမ်းစဉ်လာကို ခင်ဗျားရဲ့ တပည့်တွေ ဘာလို့ ချိုးဖောက်တာလဲ။ သူတို့ လက်မဆေးဘဲ* အစာစားတယ်”+ လို့ ပြောတယ်။ ၃  အဲဒီအခါ ယေရှုက “ခင်ဗျားတို့ကျတော့ကော၊ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ ပညတ်ချက်ကို ဘာလို့ ချိုးဖောက်တာလဲ။+ ၄  ဘုရားသခင်က ‘မိဘကို ရိုသေပါ၊’+ ‘မိဘကို ရင့်ရင့်သီးသီး ပြောဆိုတဲ့သူ သေဒဏ်ခံရမယ်’+ လို့ ပညတ်ထားတယ်။ ၅  ဒါပေမဲ့ ခင်ဗျားတို့ကျတော့ ‘“အဖေနဲ့ အမေကို ထောက်ပံ့မယ့် ပစ္စည်းတွေ ဘုရားသခင်ဆီ လှူလိုက်ပြီ” ဆိုပြီး မိဘကို ပြောတဲ့သူဟာ၊+ ၆  မိဘကို ရိုသေစရာ မလိုတော့ဘူး’ လို့ပြောကြတယ်။ ခင်ဗျားတို့ဟာ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ဘေးချိတ်လိုက်တာပဲ။+ ၇  သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့အကြောင်း ဟေရှာယ ပရောဖက်ပြုခဲ့တဲ့ စကားတွေဟာ သိပ်မှန်တာပဲ။+ ၈  ‘ဒီလူမျိုးက ငါ့ကို နှုတ်နဲ့ပဲ ရိုသေတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ ဝေးလှတယ်။ ၉  သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့ရဲ့ အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကို ကိုးကွယ်နေတာ အချည်းနှီးပဲ’+ လို့ သူပြောခဲ့တယ်” ဆိုပြီး ပြောလိုက်တယ်။ ၁၀  အဲဒီနောက် လူအုပ်ကို အနားခေါ်ပြီး “နားထောင်ပါ။ ဒီစကားတွေရဲ့ ဆိုလိုရင်းကို သဘောပေါက်ကြပါ။+ ၁၁  ခံတွင်းထဲ ဝင်တဲ့အရာက လူကို ညစ်ညူးစေတာ မဟုတ်ဘူး။ ခံတွင်းထဲက ထွက်တဲ့အရာကသာ လူကိုညစ်ညူးစေတာပါ”+ လို့ ပြောတယ်။ ၁၂  အဲဒီအခါ တပည့်တွေ အနားလာပြီး “သခင် ပြောတဲ့ စကားကြောင့် ဖာရိရှဲတွေ စိတ်ခုသွားတာကို သိပါသလား”+ လို့ ပြောတော့၊ ၁၃  ယေရှုက “ကောင်းကင်အဖ မစိုက်ပျိုးတဲ့ အပင်အားလုံးဟာ အနုတ်ခံရမှာပဲ။ ၁၄  သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲကျသွားမယ်”+ လို့ ပြောတယ်။ ၁၅  ပေတရုက “ပြောသွားတဲ့ ပုံဥပမာကို ရှင်းပြပေးပါ” လို့ ပြောတော့၊ ၁၆  ယေရှုက “ခင်ဗျားတို့လည်း နားမလည်သေးဘူးပဲ။+ ၁၇  ခံတွင်းထဲ ဝင်သမျှ ဝမ်းထဲ ရောက်ပြီး ရေအိမ်မှာ စွန့်ပစ်လိုက်ရတာ မသိဘူးလား။ ၁၈  ဒါပေမဲ့ ခံတွင်းထဲက ထွက်တဲ့အရာတွေကတော့ စိတ်နှလုံးထဲက ထွက်လာတာ ဖြစ်လို့ လူကို ညစ်ညူးစေတယ်။+ ၁၉  ဥပမာ ပြောရရင် လူ့အသက် သတ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိင်အကျင့်ယိုယွင်းတာ၊* ခိုးတာ၊ မဟုတ်မမှန် သက်သေထွက်ဆိုတာ၊ ဘုရားကို စော်ကားပြောဆိုတာစတဲ့ ဆိုးညစ်တဲ့ အကြံအစည်တွေဟာ စိတ်နှလုံးထဲက ထွက်လာတယ်။+ ၂၀  ဒါတွေဟာ လူကို ညစ်ညူးစေတယ်။ လက်မဆေးဘဲ* အစာစားတာက လူကို ညစ်ညူးစေတာ မဟုတ်ဘူး” လို့ ရှင်းပြတယ်။ ၂၁  ယေရှုက အဲဒီကနေ တိုင်ရာနဲ့ ဆိုင်ဒုန်နယ်ဘက်ကို ထွက်သွားတယ်။+ ၂၂  အဲဒီအရပ်သူ ဖိုနီးရှား အမျိုးသမီးတစ်ယောက် ထွက်လာပြီး “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်မကို သနားပါ။ ကျွန်မရဲ့ သမီးဟာ နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရပါတယ်”+ လို့ အော်ပြောတယ်။ ၂၃  ယေရှုက သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောဘူး။ တပည့်တွေက အနားလာပြီး “အဲဒီအမျိုးသမီးကို ပြန်ခိုင်းလိုက်ပါ။ နောက်ကနေ တကောက်ကောက်လိုက်ပြီး အော်နေတယ်” လို့ ပြောကြတယ်။ ၂၄  ဒါနဲ့ ယေရှုက “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ ကျွန်တော့်ကို စေလွှတ်တာ။ တခြားလူမျိုးတွေဆီ စေလွှတ်တာ မဟုတ်ဘူး”+ လို့ ပြောလိုက်တယ်။ ၂၅  ဒါပေမဲ့ အဲဒီအမျိုးသမီးက အနားလာဦးညွှတ်ပြီး “သခင်၊ ကျွန်မကို ကူညီပါဦး” လို့ အသနားခံတယ်။ ၂၆  ယေရှုကလည်း “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ ပြောတယ်။ ၂၇  အမျိုးသမီးက “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲက ကျတဲ့ စားကြွင်းစားကျန်တွေကိုတော့ စားရပါတယ်” လို့ ပြောပြန်တယ်။+ ၂၈  အဲဒီအခါ ယေရှုက “ခင်ဗျားရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လိုက်တာ။ ခင်ဗျား ဆန္ဒရှိတဲ့အတိုင်း ဖြစ်ပါစေ” လို့ ပြောတယ်။ အဲဒီအချိန်မှာပဲ သူ့သမီး ဝေဒနာ သက်သာသွားတယ်။ ၂၉  ယေရှုက အဲဒီဒေသကနေ ထွက်ပြီး ဂါလိလဲအိုင်နားကို+ ရောက်လာတဲ့အခါ တောင်ပေါ် တက်သွားပြီး ထိုင်နေတယ်။ ၃၀  အဲဒီအခါ လူတွေ အုပ်လိုက် ရောက်လာပြီး ခြေမသန်သူ၊ ကိုယ်လက်အင်္ဂါချို့သူ၊ မျက်မမြင်သူ၊ စကားအသူနဲ့ တခြားလူနာတွေ အများကြီး ခေါ်လာကြတယ်။ သူတို့ကို ခြေရင်းမှာ ချထားတော့ ယေရှု ကုသပေးတယ်။+ ၃၁  စကားအသူတွေ စကားပြောနိုင်တာ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ ပြန်ကောင်းလာတာ၊ ခြေမသန်သူတွေ လမ်းလျှောက်တာ၊ မျက်မမြင်တွေ ပြန်မြင်လာတာကို လူတွေ မြင်တဲ့အခါ အံ့သြပြီး အစ္စရေးတို့ရဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတယ်။+ ၃၂  ယေရှုက တပည့်တွေကို ခေါ်ပြီး “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။+ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူ ရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ တစ်ခုခု မကျွေးဘဲနဲ့ ပြန်မလွှတ်ချင်ဘူး။ လွှတ်လိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်”+ လို့ ပြောတယ်။ ၃၃  တပည့်တွေက “ဒီလောက်များတဲ့ လူအုပ်ကို အဝကျွေးနိုင်လောက်တဲ့ စားစရာ ဘယ်က ရနိုင်မှာလဲ။ ဒီနေရာက သိပ်ခေါင်တယ်”+ လို့ ပြောတယ်။ ၃၄  ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံး ရှိသလဲ” လို့ မေးတော့ “မုန့်ခုနစ်လုံးနဲ့ ငါးကလေး နည်းနည်းပဲ ရှိပါတော့တယ်” လို့ ဖြေတယ်။ ၃၅  ဒါနဲ့ လူအုပ်ကို မြေပေါ် ထိုင်ခိုင်းပြီး၊ ၃၆  မုန့်ခုနစ်လုံးနဲ့ ငါးကို ယူ၊ ကျေးဇူးတင်ချီးမွမ်းပြီးမှ မုန့်နဲ့ ငါးကို ဖဲ့ပြီး တပည့်တွေကို ပေးလိုက်တယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။+ ၃၇  အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်ကို ကောက်သိမ်းတဲ့အခါ တောင်းကြီးခုနစ်တောင်း အပြည့်ရတယ်။+ ၃၈  စားတဲ့သူတွေဟာ ယောက်ျား ၄,၀၀၀ ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်း ရှိသေးတယ်။ ၃၉  အဲဒီနောက် လူအုပ်ကို အိမ်ပြန်ခိုင်းလိုက်တယ်။ ယေရှုက လှေပေါ် တက်ပြီး မာဂဒန်နယ်ဘက်ကို ထွက်သွားတယ်။+

အောက်ခြေမှတ်ချက်များ

ထုံးတမ်းစဉ်လာအတိုင်း လက်မဆေးတာကို ဆိုလို။
ခက်ဆစ်ကိုကြည့်။
ထုံးတမ်းစဉ်လာအတိုင်း လက်မဆေးတာကို ဆိုလို။