ယေရမိ ၂:၁-၃၇
၂ ကျွန်တော့်ကို ယေဟောဝါ ပြောတယ်–
၂ “ဂျေရုဆလင်မြို့ကိုသွားပြီး အားလုံးကြားအောင် ကြေညာပါ။ ‘ယေဟောဝါ ပြောတာက–
“မင်း ငယ်ငယ်တုန်းက ကိုးကွယ်ဆည်းကပ်ခဲ့တာ၊*+
လက်ထပ်ဖို့ စေ့စပ်ချိန်မှာ မေတ္တာပြခဲ့တာ၊+မျိုးစေ့မကြဲတဲ့ပြည်၊ တောကန္တာရမှာ ငါ့နောက် လိုက်ခဲ့တာတွေကို ငါကောင်းကောင်း မှတ်မိတယ်။+
၃ အစ္စရေးဟာ ယေဟောဝါအတွက် သန့်ရှင်းတဲ့သူ၊+ သီးဦးသီးဖျား ဖြစ်ခဲ့တယ်။”’
‘သူ့ကိုဝါးမျိုသူတွေဟာ အပြစ်သင့်ရုံမက ဘေးဒုက္ခ ကြုံရလိမ့်မယ်။’
ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၄ အို ယာကုပ်အမျိုး၊ အစ္စရေးအမျိုးရဲ့ မိသားစုအပေါင်းတို့၊ယေဟောဝါပြောတာကို နားထောင်ကြ။
၅ ယေဟောဝါ ပြောတာက–
“မင်းတို့ရဲ့ဘိုးဘေးတွေက ငါ့ဆီမှာ ဘာအမှားတွေ့လို့+ လမ်းလွဲသွားရတာလဲ။
အသုံးမဝင်တဲ့ ရုပ်တုတွေနောက် လိုက်ပြီး+ အသုံးမကျသူတွေ ဘာလို့ ဖြစ်သွားရတာလဲ။+
၆ ‘ယေဟောဝါ ဘယ်မှာလဲ’ လို့ သူတို့ မမေးကြဘူး။
‘ငါတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တဲ့အရှင်၊+တောကန္တာရတစ်လျှောက်၊ကန္တာရနဲ့+ တွင်းတွေရှိတဲ့ ပြည်တစ်လျှောက်၊မိုးခေါင်ပြီး+ မှောင်ရိပ်ဖုံးလွှမ်းတဲ့ ပြည်တစ်လျှောက်၊လူသူမနေတဲ့၊ ဖြတ်သန်းသွားလာသူမရှိတဲ့ ပြည်တစ်လျှောက် ငါတို့ကို ဦးဆောင်ခေါ်ခဲ့တဲ့အရှင် ဘယ်မှာလဲ’ လို့မမေးကြဘူး။
၇ ငါက မင်းတို့ကို သစ်သီးခြံပေါများတဲ့ ပြည်ထဲ ခေါ်ဆောင်ခဲ့တယ်။
ပြည်ထွက်သီးနှံတွေ၊ ကောင်းမွန်ရာတွေကို စားသုံးစေတယ်။+
ဒါပေမဲ့ မင်းတို့ ရောက်လာတဲ့အခါ ငါ့ပြည်ကို ညစ်ညူးစေတယ်။+
ငါ့ရဲ့အမွေကို ရွံမုန်းစရာ ဖြစ်စေတယ်။
၈ ပုရောဟိတ်တွေက ‘ယေဟောဝါ ဘယ်မှာလဲ’ လို့မမေးဘူး။+
ပညတ်တရား သွန်သင်သူတွေ ငါ့ကိုမသိဘူး။
သိုးထိန်းတွေ ငါ့ကိုပုန်ကန် တယ်။+
ပရောဖက်တွေက ဗာလကို အားကိုးပြီး ပရောဖက်ပြုကြတယ်။+
ဘာမှ အကျိုးမပေးနိုင်သူတွေနောက် လိုက်ကြတယ်။
၉ ‘ဒါကြောင့် မင်းတို့ကို ငါ ထပ်ပြီးစွဲချက်တင်မယ်။+
မင်းတို့သားမြေးတွေကို ငါစွဲချက်တင်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၀ ‘ခိတိမ်ကမ်းရိုးတန်းဒေသတွေကို+ ဖြတ်သွားပါ။
ကေဒါပြည်ကို+ လူလွှတ်ပြီး အသေအချာ စဉ်းစားကြည့်ပါ။
ဒီလိုဖြစ်ခဲ့ဖူးသလားဆိုတာ ကြည့်ကြပါ။
၁၁ ကိုယ့်ရဲ့ဘုရားကို ဘုရားမဟုတ်တဲ့အရာနဲ့ အစားထိုးတဲ့လူမျိုး ရှိသလား။
ငါ့လူတွေကတော့ ငါ့ဘုန်းအသရေကို အသုံးမဝင်တဲ့အရာနဲ့ အစားထိုးလိုက်ပြီ။+
၁၂ အို မိုးကောင်းကင်၊ အံ့သြတကြီး ကြည့်လိုက်ပါ။
လန့်ဖျပ်ပြီး တဆတ်ဆတ်တုန်နေပါ။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၃ ‘ငါ့လူတွေ မကောင်းမှုနှစ်ခု ကျူးလွန်ခဲ့တယ်–
အသက်ရေရဲ့ ပင်ရင်းဖြစ်တဲ့ ငါ့ကို စွန့်ပစ်တယ်။+
ပြီးတော့ ရေမသိုလှောင်နိုင်တဲ့၊အက်ကွဲနေတဲ့ ရေလှောင်ကန်တွေကို တူးတယ်။’
၁၄ ‘အစ္စရေးဟာ အစေခံလား။ ကျွန်သပေါက်လား။
ဒါဆို သူ ဘာလို့ လုယက်ခံရတာလဲ။
၁၅ ခြင်္သေ့ပျိုတွေ သူ့ကို အကျယ်ကြီး ဟိန်းဟောက်တယ်။+
သူ့ရဲ့ပြည်ကို ကြောက်စရာကောင်းတဲ့ပြည် ဖြစ်စေတယ်။
သူ့ရဲ့မြို့တွေ မီးရှို့ခံလိုက်ရလို့ နေထိုင်သူ လုံးဝမရှိတော့ဘူး။
၁၆ နောဖမြို့နဲ့*+ တာပနက်မြို့သားတွေက+ မင်းရဲ့ဦးထိပ်ကို စားပြီး ပြောင်တလင်းခါအောင် လုပ်ပစ်တယ်။
၁၇ မင်းကို ဦးဆောင်ခေါ်လာတဲ့ဘုရား ယေဟောဝါကို စွန့်ပစ်ပြီး+ ဒီလိုအဖြစ်မျိုး ကြုံရအောင် ကိုယ်တိုင်ဖန်တီးခဲ့တာ မဟုတ်လား။
၁၈ အခု မင်းက ရှိဟောရရဲ့* ရေကို သောက်ဖို့ အီဂျစ်ကို ဘာလို့ သွားချင်နေတာလဲ။+
မြစ်ကြီးရဲ့* ရေကို သောက်ဖို့ အဆီးရီးယားကို ဘာလို့ သွားချင်နေတာလဲ။+
၁၉ မင်းရဲ့ဆိုးညစ်မှုက မင်းကို တည့်မတ်ပေးသင့်တယ်။
မင်းရဲ့သစ္စာမဲ့မှုကလည်း မင်းကို ပဲ့ပြင်ပေးသင့်တယ်။
မင်းရဲ့ဘုရား ယေဟောဝါကို စွန့်ပစ်တာဟာ ဘယ်လောက် ဆိုးရွားခါးသီးသလဲဆိုတာ သိနားလည်ပါ။+
မင်းဟာ ငါ့ကို နည်းနည်းလေးမှ မကြောက်ပါလား။’+
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၂၀ ‘ဟိုးအရင်က မင်းရဲ့ထမ်းပိုးကို ငါချိုးခဲ့တယ်။+
ခြေထိတ်လက်ထိတ်တွေကိုလည်း ဆွဲဖြတ်ခဲ့တယ်။
ဒါပေမဲ့ မင်းက “ဘုရားကို ငါဝတ်ပြုမှာ မဟုတ်ဘူး” လို့ပြောတယ်။
မြင့်မားတဲ့ တောင်ကုန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့ အပင်တွေအောက်မှာ+ ပိုးလိုးပက်လက် လဲလျောင်းပြီး ပြည့်တန်ဆာလုပ်တယ်။+
၂၁ မင်းကို အကောင်းဆုံး စပျစ်နီမျိုးအဖြစ် ငါစိုက်ပျိုးခဲ့တယ်။+
အားလုံး မျိုးကောင်းမျိုးသန့်တွေချည်းပဲ။
ဘယ်လိုလုပ်ပြီး စပျစ်ရိုင်းပင်ရဲ့ ညံ့ဖျင်းတဲ့အကိုင်းတွေ ဖြစ်သွားရတာလဲ။’+
၂၂ ‘ဆော်ဒါရည်၊ ပြာရည်အများကြီးနဲ့ ဆေးကြောရင်တောင် မင်းရဲ့အပြစ်တွေဟာ ငါ့ရှေ့မှာ စွန်းထင်းနေဦးမှာပဲ။’+
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၂၃ ‘ငါ မညစ်ညူးပါဘူး။ ဗာလဘုရားတွေနောက်ကိုလည်း မလိုက်ပါဘူး’ လို့မင်း ဘယ်လိုလုပ် ပြောထွက်တာလဲ။
ချိုင့်ဝှမ်းထဲမှာ မင်းလျှောက်ခဲ့တဲ့လမ်းကို ကြည့်လိုက်ပါ။
မင်းလုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပါ။
မင်းဟာ လမ်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ပြေးနေတဲ့ နုပျိုလျင်မြန်တဲ့ ကုလားအုတ်မနဲ့ တူတယ်။
၂၄ တောကန္တာရမှာ ကျက်စားတဲ့၊ရာဂစိတ်နဲ့ အနံ့ခံတတ်တဲ့ မြည်းရိုင်းမနဲ့တူတယ်။
မိတ်လိုက်ချိန်မှာ ဘယ်သူမှ မတားနိုင်ဘူး။
မြည်းထီးတွေက အပင်ပန်းခံပြီး လိုက်ရှာနေစရာ မလိုဘူး။
မိတ်လိုက်တဲ့ရာသီမှာ သူ့ကို တွေ့လိမ့်မယ်။
၂၅ မင်း ခြေဗလာနဲ့ မသွားနဲ့။
အာခေါင်မခြောက်စေနဲ့။
ဒါပေမဲ့ မင်းက ‘မျှော်လင့်မနေနဲ့တော့။+
သူစိမ်းတွေကို* ကျွန်မ ချစ်နေမိပြီ။+
သူတို့နောက် လိုက်သွားမယ်’ လို့ပြောတယ်။+
၂၆ အစ္စရေးအမျိုးနဲ့ သူတို့ရဲ့ဘုရင်တွေ၊မင်းညီမင်းသားတွေ၊ပုရောဟိတ်တွေ၊ပရောဖက်တွေဟာ သူခိုး လူမိသလိုမျိုး အရှက်ကွဲရပြီ။+
၂၇ သူတို့က သစ်ပင်ကို ‘ဖခင်၊’+
ကျောက်တုံးကို ‘မွေးမိခင်’ လို့ခေါ်တယ်။
ငါ့ကိုကျတော့ ကျောခိုင်းထားတယ်၊ ပြန်လှည့်မလာဘူး။+
ဒုက္ခရောက်တော့မှ ‘ထပါဦး၊ ကယ်ပါဦး’ လို့ တကြလိမ့်မယ်။+
၂၈ မင်းလုပ်ထားတဲ့ဘုရားတွေ ဘယ်မှာလဲ။+
မင်း ဒုက္ခရောက်တဲ့အခါ သူတို့ကယ်နိုင်ရင် လာကယ်ပါစေ။
အို ယုဒ၊ မင်းရဲ့ ဘုရားတွေဟာ မင်းရဲ့မြို့တွေလောက်နီးပါး များတာပဲ။+
၂၉ ‘မင်းတို့ ဘာလို့ ငါနဲ့ပြိုင်ငြင်းနေတာလဲ။
အားလုံးက ဘာလို့ ပုန်ကန်နေတာလဲ။’+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၃၀ မင်းတို့ရဲ့သားတွေကို ငါဒဏ်ခတ်ပေမဲ့ အလကားပဲ။+
သူတို့က ဆုံးမတာကို လက်မခံဘူး။+
မင်းတို့ရဲ့ဓားဟာ ပရောဖက်တွေကို လှည့်လည်သောင်းကျန်းနေတဲ့ ခြင်္သေ့လို ဝါးမျိုပစ်တယ်။+
၃၁ အို လူမျိုးဆက်၊ ယေဟောဝါ ပြောတာကို ပြန်စဉ်းစားကြည့်ပါဦး။
ငါဟာ အစ္စရေးအတွက် တောကန္တာရလို ဖြစ်နေလို့လား။
မှောင်မိုက်တဲ့ပြည်လို ဖြစ်နေလို့လား။
‘သွားချင်ရာသွားမယ်။ ကိုယ်တော့်ဆီ ပြန်မလာတော့ဘူး’+ ဆိုပြီး ဘာလို့ပြောနေတာလဲ။
၃၂ အပျိုစင်က လက်ဝတ်လက်စား ဆင်ယင်ဖို့ မေ့ပါ့မလား။
သတို့သမီးက ရင်စည်းစည်းဖို့ မေ့ပါ့မလား။
ငါ့လူတွေကတော့ ငါ့ကို အချိန်အကြာကြီး မေ့ထားကြတယ်။+
၃၃ မင်းရဲ့ အချစ်ရှာပုံတော်ဖွင့်နည်းဟာ ပြောင်မြောက်လိုက်တာ။
မကောင်းတဲ့လမ်းစဉ်မှာ ကျင်လည်နေလိုက်တာ။+
၃၄ မင်းရဲ့အဝတ်မှာ အပြစ်မဲ့တဲ့ ဆင်းရဲသားတွေရဲ့သွေး စွန်းထင်းနေတယ်။+
အဲဒီသွေးတွေကို ဖောက်ထွင်းမှုဖြစ်တဲ့နေရာမှာ မဟုတ်ဘဲ မင်းရဲ့အဝတ်ပေါ်မှာ ငါတွေ့တယ်။+
၃၅ ဒါပေမဲ့ မင်းက ‘ငါ့မှာ အပြစ်မှမရှိတာ။ ဒါကြောင့် အမျက်တော်ကို ရုပ်သိမ်းလိုက်ပြီ’ လို့ပြောတယ်။
‘ငါအပြစ်မလုပ်ဘူး’ လို့ပြောတဲ့အတွက် မင်းကို ငါစီရင်ချက်ချမယ်။
၃၆ မင်းရဲ့ မတည်ငြိမ်တဲ့လမ်းစဉ်ကို ဘာလို့ ပေါ့ပေါ့တန်တန် သဘောထားနေရတာလဲ။
မင်းက အဆီးရီးယားကြောင့်+ အရှက်ကွဲရသလို အီဂျစ်ကြောင့်လည်း အရှက်ကွဲရလိမ့်မယ်။+
၃၇ မင်းက ခေါင်းပေါ် လက်တင်ပြီး ထွက်သွားရမယ်။+
မင်း အားကိုးတဲ့သူတွေကို ယေဟောဝါ ငြင်းပယ်လိုက်ပြီ။
သူတို့ကြောင့် မင်းအောင်မြင်မှာ မဟုတ်ဘူး။”
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ခိုင်မြဲတဲ့မေတ္တာပြခဲ့တာ။”
^ ဒါမှမဟုတ်၊ “မင်ဖိမြို့။”
^ ယူဖရေးတီးမြစ်။
^ နိုင်းမြစ်ရဲ့ မြစ်လက်တက်။
^ ဒါမှမဟုတ်၊ “တခြားနတ်ဘုရားတွေကို။”