ယေရမိ ၂၁:၁-၁၄
၂၁ ဘုရင်ဇေဒကိက+ မာလခိယရဲ့သား ပါရှုရနဲ့+ မာသေယရဲ့သား ပုရောဟိတ်ဇေဖနိကို+ ယေရမိဆီ စေလွှတ်ချိန်မှာ ယေဟောဝါရဲ့ စကားတော် ယေရမိဆီ ရောက်လာတယ်။
၂ ဇေဒကိက သူတို့ကို လွှတ်ပြီး “ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ငါတို့ကို လာတိုက်နေလို့ ယေဟောဝါဘုရားဆီ မေးမြန်းပေးပါဦး။+ သူဆုတ်ခွာသွားရအောင် ငါတို့အတွက် ယေဟောဝါက အံ့ဖွယ်အမှုတစ်ခုခု လုပ်ပေးကောင်းပါရဲ့”+ လို့တောင်းဆိုခိုင်းတယ်။
၃ ဒါနဲ့ ယေရမိ ပြန်ပြောတာက “ဇေဒကိမင်းကို လျှောက်တင်လိုက်ပါ။
၄ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– “မြို့ရိုးအပြင်ဘက်မှာ ဝိုင်းထားတဲ့ ဗာဗုလုန်ဘုရင်နဲ့ ခါလဒဲလူတွေကိုတိုက်ဖို့ မင်းတို့ကိုင်ထားတဲ့ စစ်လက်နက်တွေ မင်းတို့ဆီ ပြန်လှည့်လာအောင် ငါလုပ်မယ်။+ အဲဒါတွေကို ဒီမြို့လယ်မှာ ငါစုသိမ်းမယ်။
၅ တန်ခိုးကြီးတဲ့လက်ရုံး၊ အားကြီးတဲ့လက်၊ အမျက်ဒေါသ၊ ပြင်းထန်တဲ့ဒေါသနဲ့+ မင်းတို့ကို ငါကိုယ်တိုင် တိုက်မယ်။+
၆ ဒီမြို့မှာနေတဲ့ လူနဲ့တိရစ္ဆာန်တွေကို ငါဒဏ်ခတ်မယ်။ ကပ်ရောဂါဘေးဆိုးကြီးနဲ့ သူတို့ သေရလိမ့်မယ်။”’+
၇ “‘“အဲဒီနောက် ကပ်ရောဂါဘေး၊ ဓားဘေး၊ အငတ်ဘေးကနေ လွတ်မြောက်သွားတဲ့ ယုဒဘုရင်ဇေဒကိ၊ မင်းမှုထမ်းတွေနဲ့ ဒီမြို့ကလူတွေကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ၊ ရန်သူတွေလက်ထဲ၊ အသက်အန္တရာယ် ရှာကြံသူတွေလက်ထဲ ငါအပ်မယ်။+ ဗာဗုလုန်ဘုရင်က ဓားနဲ့ကွပ်မျက်မယ်။ သူတို့အတွက် စိတ်မကောင်းဖြစ်မှာ၊ သနားညှာတာမှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
၈ “လူတွေကိုလည်း ခင်ဗျားတို့ ပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက “အသက်ရှင်ခြင်းလမ်းနဲ့ သေခြင်းလမ်းကို ငါချထားတယ်။
၉ ဒီမြို့ထဲမှာ နေရစ်ခဲ့သူတွေဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရမယ်။ မြို့ပြင်ထွက်ပြီး ဝိုင်းထားတဲ့ ခါလဒဲလူတွေဆီမှာ အညံ့ခံတဲ့သူကတော့ အသက်ရှင်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရလိမ့်မယ်။”’*+
၁၀ “‘“ငါက ကောင်းကျိုးဖြစ်စေဖို့ မဟုတ်ဘဲ ဘေးဆိုးကျရောက်စေဖို့ ဒီမြို့ကို ငြင်းပယ်လိုက်ပြီ။+ ဒီမြို့ဟာ ဗာဗုလုန်ဘုရင်လက်ထဲ ရောက်သွားမယ်။+ မြို့ကို သူ မီးရှို့လိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ “‘ယုဒဘုရင်ရဲ့ အိမ်သူအိမ်သားတို့၊ ယေဟောဝါရဲ့အမိန့်ကို နားထောင်ကြ။
၁၂ အို ဒါဝိဒ်အမျိုး၊ ယေဟောဝါ ပြောတာက–
“မနက်တိုင်း တရားမျှတမှုကို စောင့်ထိန်းကြ။
လုယက်ခံရသူကို လိမ်လည်လှည့်စားသူရဲ့ လက်ကနေ ကယ်တင်ကြ။+
အဲဒီလိုမလုပ်ရင် ငါ့ဒေါသဟာ မီးလို တောက်လောင်မယ်။+
မင်းတို့ရဲ့ ယုတ်မာတဲ့အကျင့်တွေကြောင့်+
အဲဒီမီးဟာ ငြိမ်းသတ်မယ့်သူမရှိဘဲ တောက်လောင်နေမယ်။”
၁၃ ‘ချိုင့်ဝှမ်းမှာနေထိုင်သူ၊ မြေပြန့်မှာရှိတဲ့ ကျောက်ဆောင်၊မင်းကို ငါဒဏ်ခတ်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
“ငါတို့ကိုတိုက်ဖို့ ဘယ်သူ ဆင်းလာမှာမို့လို့လဲ။
ငါတို့နေရပ်ကို ဘယ်သူ ကျူးကျော်မှာမို့လို့လဲ” ဆိုပြီး ပြောနေသူတို့၊
၁၄ မင်းတို့ရဲ့လုပ်ရပ်တွေအတွက် ထိုက်သင့်သလို
ငါပြစ်ဒဏ်စီရင်မယ်။+
မင်းတို့ရဲ့သစ်တောကို မီးရှို့မယ်။
ပတ်လည်မှာရှိသမျှကို မီးဝါးမျိုသွားမယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အသက်ရှင်လွတ်မြောက်လိမ့်မယ်။”