ယေရမိ ၃၀:၁-၂၄
-
နဂိုအခြေအနေ ပြန်ရောက်စေမယ်၊ ကုသပေးမယ်ဆိုတဲ့ကတိ (၁-၂၄)
၃၀ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်–
၂ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါပြောသမျှစကားတွေကို စာစောင်ထဲမှာ ရေးမှတ်ထားပါ။
၃ ယေဟောဝါ ပြောတယ်– “သုံ့ပန်းဘဝရောက်နေတဲ့ ငါ့လူမျိုး အစ္စရေးနဲ့ယုဒကို ပြန်စုသိမ်းမယ့်နေ့ရက်တွေ ရောက်တော့မယ်။+ ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်ဆီ သူတို့ကို ပြန်ခေါ်ဆောင်လာမယ်။ အဲဒီပြည်ကို သူတို့ ပြန်ပိုင်ဆိုင်ရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”+
၄ အစ္စရေးနဲ့ယုဒကို ယေဟောဝါ မိန့်မှာတယ်။
၅ ယေဟောဝါ ပြောတာက–
“ကြောက်ရွံ့တုန်လှုပ်နေတဲ့အသံတွေ ကြားနေရတယ်။
ကြောက်လန့်စရာတွေပဲ ရှိတယ်။ ငြိမ်သက်ခြင်း မရှိဘူး။
၆ ယောက်ျားဟာ သားဖွားနိုင်သလားဆိုတာ မေးကြည့်ပါ။
ဒါဆိုရင် ယောက်ျားတန်မဲ့ သားဖွားနေတဲ့မိန်းမလို+
ဗိုက်ကို လက်နဲ့နှိပ်နေတာကို ငါ ဘာလို့တွေ့နေရတာလဲ။
သူတို့မျက်နှာတွေ ဘာလို့ ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ။
၇ အဲဒီနေ့ဟာ တုန်လှုပ်စရာကောင်းတဲ့နေ့ပဲ။+
အဲဒီနေ့လောက် ကြောက်စရာကောင်းတဲ့နေ့မျိုး မရှိဘူး။
ယာကုပ်အတွက် ဒုက္ခရောက်တဲ့အချိန်ပဲ။
ဒါပေမဲ့ အဲဒီနေ့မှာ သူကယ်တင်ခံရလိမ့်မယ်။”
၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောမယ်– “အဲဒီနေ့မှာ သူတို့ထမ်းထားတဲ့ ထမ်းပိုးကို ငါချိုးမယ်။ ကြိုးတွေကိုလည်း နှစ်ပိုင်းဖြတ်မယ်။ သူစိမ်းတွေက သူတို့ကို ကျွန်အဖြစ်ခိုင်းစေပြီး အမြတ်ထုတ်တော့မှာ မဟုတ်ဘူး။
၉ သူတို့ရဲ့ဘုရား ယေဟောဝါဆီမှာ၊ သူတို့အတွက် ငါပေါ်ထွန်းစေမယ့် ဘုရင်ဒါဝိဒ်ဆီမှာ သူတို့ အစေခံကြလိမ့်မယ်။”+
၁၀ “အို ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။
အို အစ္စရေး၊ မထိတ်လန့်နဲ့။+
မင်းကို ဝေးလံတဲ့နေရာကနေ၊မင်းရဲ့သားမြေးတွေကို သုံ့ပန်းဘဝရောက်နေတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+
ယာကုပ်က ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။
ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ “မင်းကိုကယ်တင်ဖို့ မင်းနဲ့အတူ ငါရှိတယ်။
မင်းတို့ တကွဲတပြားရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+
မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+
တော်သင့်ရုံပဲ ဆုံးမမယ်။
အပြစ်မပေးဘဲနဲ့တော့ မနေဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၂ ယေဟောဝါ ပြောတယ်–
“မင်းရဲ့ဒဏ်ရာအတွက် ဆေးမရှိဘူး။+
မင်းရဲ့အနာဟာ ကုသလို့ မရဘူး။
၁၃ မင်းရဲ့အမှုအတွက် အသနားခံပေးမယ့်သူ မရှိဘူး။
မင်းရဲ့အနာအတွက် ကုသနည်း မရှိဘူး။
မင်းအတွက် ဆေးမရှိဘူး။
၁၄ မင်းအချစ်ကြီးချစ်ခဲ့သူတွေ မင်းကို မေ့သွားပြီ။+
မင်းကို လိုက်မရှာတော့ဘူး။
မင်းရဲ့ များလွန်းတဲ့အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+
ငါက ရန်သူတစ်ယောက်လို မင်းကို ရိုက်နှက်မယ်။+
ရက်စက်သူတစ်ယောက်လို ဒဏ်ပေးမယ်။
၁၅ မင်းရဲ့ဒဏ်ရာအတွက် ဘာလို့ အော်ဟစ်နေတာလဲ။
မင်းရဲ့ဝေဒနာဟာ ကုလို့မှ မရတာ။
မင်းရဲ့ များလွန်းတဲ့ အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+
ငါ ဒီလိုလုပ်ရတာ။
၁၆ မင်းကို ဝါးမျိုသူတွေ ဝါးမျိုခံရမယ်။+
မင်းရဲ့ရန်သူတွေ သုံ့ပန်းဘဝ ရောက်လိမ့်မယ်။+
မင်းကို လုယူသူတွေ လုယူခံရမယ်။
မင်းကို လုယက်သူတွေလည်း လုယက်ခံရဖို့ ငါအပ်မယ်။”+
၁၇ “သူတို့က မင်းကို အပယ်ခံ၊‘ဘယ်သူမှ လိုက်မရှာတဲ့ ဇိအုန်’ လို့ခေါ်ပေမဲ့+
မင်းကို ငါပြန်ကျန်းမာစေမယ်။ မင်းရဲ့ဒဏ်ရာတွေကို ကုသပေးမယ်”+ လို့ယေဟောဝါ ပြောတယ်။
၁၈ ယေဟောဝါ ပြောတယ်–
“ယာကုပ်ရဲ့တဲဆီ ငါပြန်လာမယ်။ သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။+
သူ့အိမ်တွေကို သနားမယ်။
သူ့တောင်ကုန်းပေါ်မှာ မြို့ကို ပြန်တည်ဆောက်မယ်။+
ခံတပ်မျှော်စင်ကလည်း ရှိသင့်တဲ့နေရာမှာ ပြန်ရှိနေလိမ့်မယ်။
၁၉ သူတို့ဆီကနေ ကျေးဇူးတင်ချီးမွမ်းသံ၊ ရယ်မောသံတွေ ထွက်ပေါ်လာမယ်။+
သူတို့ကို ငါတိုးပွားများပြားစေမယ်။ လျော့နည်းသွားမှာ မဟုတ်ဘူး။+
သူတို့ကို တိုးများစေမယ်။*
လူနည်းစုဖြစ်မှာ မဟုတ်ဘူး။+
၂၀ သူ့သားသမီးတွေဟာ အရင်တုန်းကလိုပဲ ကြီးပွားကောင်းစားလိမ့်မယ်။
သူတို့ကို ငါ့ရှေ့မှာ အင်အားကြီးတဲ့လူမျိုး ဖြစ်စေမယ်။+
သူ့ကိုဖိနှိပ်တဲ့သူကို ငါအရေးယူမယ်။+
၂၁ ကြီးမြတ်သူဟာ သူ့အမျိုးထဲက ဖြစ်လိမ့်မယ်။
အုပ်စိုးရှင်ဟာ သူ့ဆီကနေ ပေါ်ထွန်းလိမ့်မယ်။
သူ့ကို ငါ့အနား လာခိုင်းမယ်။ သူလည်း ငါ့ဆီ လာလိမ့်မယ်။”
“ဒီလိုမှမဟုတ်ရင် ငါ့ဆီ ဘယ်သူလာဝံ့မလဲ။” ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၂၂ “မင်းတို့ဟာ ငါ့လူတွေဖြစ်ပြီး+ ငါကလည်း မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”+
၂၃ ယေဟောဝါရဲ့ဒေါသက မုန်တိုင်းလို ရုတ်တရက် တိုက်ခတ် မယ်။+
လူဆိုးတွေရဲ့ ခေါင်းပေါ်မှာ လေပွေလို ဝှေ့နေမယ်။
၂၄ ယေဟောဝါက စိတ်ထဲ ရည်ရွယ်ထားတာတွေကို အကောင်အထည်ပေါ်လာအောင်၊ပြီးမြောက်အောင် မလုပ်မချင်း+ ပြင်းထန်တဲ့ဒေါသကို ရုပ်သိမ်းမှာ မဟုတ်ဘူး။
အဆုံးပိုင်းကာလမှာ မင်းတို့ အဲဒါကို နားလည်လာမယ်။+
အောက်ခြေမှတ်ချက်များ
^ “ချီးမြှောက်မယ်” လည်းဖြစ်နိုင်။