ယေရမိ ၃၈:၁-၂၈

  • ယေရမိကို ရေလှောင်ကန်ထဲ ပစ်ချ (၁-၆)

  • ဧဗဒမေလက် ယေရမိကိုကယ် (၇-၁၃)

  • အညံ့ခံဖို့ ဇေဒကိကို တိုက်တွန်း (၁၄-၂၈)

၃၈  မဿန်ရဲ့သား ရှေဖတိ၊ ပါရှုရရဲ့သား ဂေဒလိ၊ ရှေလမိရဲ့သား ယေဟုကလ၊+ မာလခိယရဲ့သား ပါရှုရက+ လူတွေကို ယေရမိ ဒီလိုပြောနေတာကို ကြားတယ်– ၂  “‘ဒီမြို့မှာ ဆက်နေထိုင်သူက ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရလိမ့်မယ်။+ ခါလဒဲလူတွေဆီမှာ အညံ့ခံသူကတော့ အသက်ဆက်ရှင်လိမ့်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရပြီး အသက်ရှင်လိမ့်မယ်’+ လို့ ယေဟောဝါပြောတယ်။ ၃  ‘ဒီမြို့က ဗာဗုလုန်ဘုရင်လက်ထဲ ကျိန်းသေ ရောက်သွားလိမ့်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်’ လို့ ယေဟောဝါ ပြောတယ်။”+ ၄  အဲဒီအခါ မင်းညီမင်းသားတွေက ဘုရင်ကို “အရှင်မင်းကြီး၊ ဒီလူကို ကွပ်မျက်လိုက်ပါ။+ သူက ဒီမြို့မှာ ကျန်ကြွင်းတဲ့ စစ်သည်တွေ၊ လူတွေကို စိတ်ဓာတ်ကျအောင် ပြောနေတယ်။ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာကို မလိုလားဘဲ ဘေးဆိုးကြုံရမှာကိုပဲ လိုလားနေတယ်” ဆိုပြီး လျှောက်တင်တယ်။ ၅  ဘုရင်ဇေဒကိက “သူဟာ မင်းတို့ လက်ထဲမှာ ရှိတာပဲ။ မင်းတို့အလိုကို ဆန့်ကျင်ပြီး ငါဘာလုပ်နိုင်လို့လဲ” လို့ပြန်ပြောတယ်။ ၆  ဒီတော့ သူတို့က ယေရမိကို ခေါ်သွားပြီး အစောင့်ရင်ပြင်မှာရှိတဲ့+ သားတော် မာလခိယရဲ့ ရေလှောင်ကန်ထဲ ကြိုးနဲ့ လျှောချလိုက်တယ်။ အဲဒီရေလှောင်ကန်ထဲမှာ ရေမရှိဘဲ ရွှံ့နွံတွေပဲ ရှိတယ်။ ဒါကြောင့် ယေရမိက ရွှံ့နွံထဲမှာ နစ်နေတော့တယ်။ ၇  ယေရမိကို ရေလှောင်ကန်ထဲပစ်ချလိုက်တဲ့အကြောင်း နန်းတော်ထဲက အီသီယိုးပီးယားလူမျိုး မိန်းမစိုး* ဧဗဒမေလက်+ ကြားသွားတယ်။ ဗင်ယာမိန်တံခါးမှာ ဘုရင်ထိုင်နေတုန်း၊+ ၈  နန်းတော်ကနေ ဧဗဒမေလက် ထွက်လာပြီး၊ ၉  “အရှင်မင်းကြီး၊ ပရောဖက်ယေရမိအပေါ် ဒီလူတွေရဲ့လုပ်ပုံဟာ တော်တော်ဆိုးတယ်။ သူတို့က ယေရမိကို ရေလှောင်ကန်ထဲ ပစ်ချလိုက်ပြီ။ အဲဒီမှာ သူ ငတ်ပြီးသေသွားလိမ့်မယ်။ မြို့ထဲမှာလည်း စားစရာ လုံးဝမကျန်တော့ဘူး”+ လို့လျှောက်တင်တယ်။ ၁၀  ဒါနဲ့ ဘုရင်က “ဒီမှာရှိတဲ့ လူ ၃၀ ကို ခေါ်သွားပြီး ပရောဖက်ယေရမိကို ရေလှောင်ကန်ထဲကနေ ဆွဲတင်လိုက်။ မဟုတ်ရင် သူ သေသွားလိမ့်မယ်” လို့ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ကို အမိန့်ပေးတယ်။ ၁၁  ဧဗဒမေလက်လည်း လူတွေကို ခေါ်သွားပြီး နန်းတော်ထဲက ဘဏ္ဍာတိုက်အောက်ကို ဆင်းသွားတယ်။+ အဲဒီထဲက အဝတ်စုတ်တွေကို ယူပြီး ရေလှောင်ကန်ထဲမှာရှိတဲ့ ယေရမိဆီ ကြိုးနဲ့ လျှောချပေးတယ်။ ၁၂  အဲဒီနောက် ဧဗဒမေလက်က “အသားမပွန်းအောင် အဝတ်စုတ်တွေကို ချိုင်းအောက်မှာ ခုလိုက်” လို့ပြောတယ်။ ယေရမိလည်း ပြောတဲ့အတိုင်း လုပ်တယ်။ ၁၃  အဲဒီနောက် ယေရမိကို ရေလှောင်ကန်ထဲကနေ ကြိုးနဲ့ဆွဲတင်ကြတယ်။ ဒီလိုနဲ့ ယေရမိဟာ အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။+ ၁၄  ဘုရင်ဇေဒကိက ပရောဖက်ယေရမိဆီ လူလွှတ်ပြီး ယေဟောဝါအိမ်တော်ရဲ့ တတိယဝင်ပေါက်ကို လာခိုင်းတယ်။ ပြီးတော့ “မင်းကို မေးစရာရှိတယ်။ မထိမ်မချန်ဘဲ ဖြေပါ” လို့ ပြောတဲ့အခါ၊ ၁၅  ယေရမိက “ကျွန်တော်ပြောလိုက်ရင် ကျွန်တော့်ကို မင်းကြီးသတ်မှာ သေချာတယ်။ အကြံပေးရင်လည်း မင်းကြီးနားထောင်မှာ မဟုတ်ပါဘူး” လို့ ဇေဒကိကို ပြောတယ်။ ၁၆  ဒါနဲ့ ဘုရင်ဇေဒကိက “အသက်ပေးရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ မင်းကို ငါမသတ်ဘူး။ မင်းကို သတ်ချင်နေသူတွေလက်ထဲလည်း မအပ်ပါဘူး” လို့ ယေရမိကို တိုးတိုးတိတ်တိတ် ကတိပေးတယ်။ ၁၇  အဲဒီအခါ ယေရမိက “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘မင်းကြီးသာ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီမှာ အညံ့ခံရင် အသက်ချမ်းသာရမယ်။ ဒီမြို့ မီးရှို့ခံရမှာမဟုတ်ဘူး။ မင်းကြီးနဲ့ မင်းကြီးရဲ့မိသားစုလည်း အသက်ချမ်းသာရမယ်။+ ၁၈  ဒါပေမဲ့ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီမှာ အညံ့မခံရင်တော့ ဒီမြို့က ခါလဒဲလူတွေလက်ထဲ ရောက်သွားမယ်။ မြို့ကို သူတို့ မီးရှို့လိမ့်မယ်။+ မင်းကြီးလည်း သူတို့လက်ကနေ လွတ်မှာ မဟုတ်ဘူး’”+ လို့ဇေဒကိကို ပြောတယ်။ ၁၉  အဲဒီအခါ ဘုရင်ဇေဒကိက “ခါလဒဲလူတွေဆီ သွားခိုလှုံတဲ့ ဂျူးတွေကို ငါကြောက်တယ်။ သူတို့လက်ထဲ ရောက်သွားရင် ငါ့ကို ရက်ရက်စက်စက် ညှဉ်းဆဲကြမှာ” လို့ ယေရမိကို ပြောတယ်။ ၂၀  ဒါပေမဲ့ ယေရမိက “မင်းကြီး သူတို့လက်ထဲ ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောနေတဲ့ ယေဟောဝါရဲ့စကားကို နာခံပါ။ ဒါဆိုရင် မင်းကြီး ကောင်းစားပြီး အသက်ဆက်ရှင်လိမ့်မယ်။ ၂၁  ဒါပေမဲ့ မင်းကြီး အညံ့မခံဘူးဆိုရင် ကျွန်တော့်ကို ယေဟောဝါဘုရား ဖော်ပြတဲ့အရာကတော့– ၂၂  ယုဒဘုရင်ရဲ့ နန်းတော်မှာ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ ဗာဗုလုန်ဘုရင်ရဲ့ မင်းညီမင်းသားတွေဆီ+ ခေါ်သွားခံရလိမ့်မယ်။ ‘မင်းကြီး ယုံကြည်ကိုးစားသူတွေက မင်းကြီးကို လှည့်စားပြီး အနိုင်ယူလိုက်ပြီ။+ မင်းကြီးရဲ့ခြေကို ရွှံ့နွံထဲ နစ်ဝင်သွားအောင် လုပ်ကြပြီ။ သူတို့ကျတော့ ဆုတ်ခွာသွားပြီ’ လို့ ပြောနေကြတယ်။ ၂၃  မိဖုရားတွေကိုရော သားတော်တွေကိုပါ ခါလဒဲလူတွေဆီ ဖမ်းခေါ်သွားကြလိမ့်မယ်။ မင်းကြီးက သူတို့လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ဗာဗုလုန်ဘုရင်ဆီမှာ အဖမ်းခံရလိမ့်မယ်။+ ဒီမြို့ဟာ မင်းကြီးကြောင့် မီးရှို့ခံရလိမ့်မယ်။”+ ၂၄  အဲဒီအခါ ဇေဒကိက “ဒီအကြောင်းတွေကို ဘယ်သူမှ မသိစေနဲ့။ သိသွားရင် မင်း အသတ်ခံရမှာ။ ၂၅  တကယ်လို့ မင်းညီမင်းသားတွေက မင်းနဲ့ ငါပြောနေတာတွေကို ကြားသွားလို့ မင်းဆီလာပြီး ‘ဘုရင်ကို ဘာတွေပြောလိုက်လဲ။ မထိမ်ချန်ဘဲ အကုန်ပြောပြ။ မင်းကို မသတ်ပါဘူး။+ ဘုရင်ကကော ဘာပြန်ပြောလိုက်လဲ’ လို့မေးခဲ့ရင်၊ ၂၆  ‘ကျွန်တော့်ကို ယေဟောနသန်အိမ်ဆီ ပြန်မပို့ပါနဲ့။ ပြန်ပို့ရင် ကျွန်တော် သေရပါလိမ့်မယ်ဆိုပြီး+ မင်းကြီးကို အသနားခံတာပါ’ လို့ ပြန်ပြောလိုက်” ဆိုပြီး ယေရမိကို မှာတယ်။ ၂၇  နောက်ပိုင်းမှာ မင်းညီမင်းသားအားလုံး ယေရမိဆီ ရောက်လာပြီး မေးမြန်းကြတယ်။ ယေရမိက ဘုရင်မှာတဲ့အတိုင်း ပြန်ဖြေတဲ့အခါ သူတို့ ဘာမှ ဆက်မပြောတော့ဘူး။ ဘုရင်နဲ့ ဘာတွေပြောခဲ့မှန်း မသိကြလို့ပဲ။ ၂၈  ယေရမိက ဂျေရုဆလင် သိမ်းပိုက်ခံရတဲ့နေ့အထိ အစောင့်ရင်ပြင်မှာ+ ဆက်နေရတယ်။ ဂျေရုဆလင် သိမ်းပိုက်ခံရချိန်မှာ အဲဒီမှာပဲ သူရှိနေတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “နန်းတွင်းအရာရှိ။”