၁ ဘုရင်များ ၈:၁-၆၆
၈ အဲဒီနောက် ရှောလမုန်က ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ဇိအုန်လို့ခေါ်တဲ့+ ဒါဝိဒ်မြို့ကနေ သယ်လာဖို့ အစ္စရေးအကြီးအကဲတွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေ၊ ဆွေမျိုးစုခေါင်းဆောင်တွေကို+ စုရုံးလိုက်တဲ့အတွက်+ ဂျေရုဆလင်မြို့မှာရှိတဲ့ ရှောလမုန်မင်းကြီးဆီ သူတို့ရောက်လာကြတယ်။+
၂ ဧသနိမ်* လို့ခေါ်တဲ့ ခုနစ်လပိုင်း ပွဲတော်* ကျင်းပချိန်မှာ အစ္စရေးအားလုံး ရှောလမုန်မင်းကြီးဆီ စုဝေးလာကြတယ်။+
၃ အစ္စရေးအကြီးအကဲအားလုံး ရောက်လာတဲ့အခါ ပုရောဟိတ်တွေက သေတ္တာတော်ကို သယ်ကြတယ်။+
၄ ယေဟောဝါရဲ့ သေတ္တာတော်၊ တွေ့ဆုံရာတဲတော်၊+ တဲတော်ထဲက သန့်ရှင်းတဲ့ အသုံးအဆောင်အားလုံးကို ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေ သယ်လာကြတယ်။
၅ ရှောလမုန်မင်းကြီးနဲ့ ဆင့်ခေါ်ခံရတဲ့ အစ္စရေးတစ်မျိုးလုံးဟာ သေတ္တာတော်ရှေ့မှာ စုရုံးပြီး မရေတွက်နိုင်အောင်များတဲ့ သိုးနွားတိရစ္ဆာန်တွေကို ပူဇော်ကြတယ်။+
၆ အဲဒီနောက် ပုရောဟိတ်တွေက ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို သယ်လာပြီး အိမ်တော်ရဲ့ အတွင်းခန်းဖြစ်တဲ့ အသန့်ရှင်းဆုံးအခန်းထဲက ခေရုဗိမ်တွေရဲ့ အတောင်အောက်မှာ+ နေရာတကျ+ ထားလိုက်တယ်။
၇ ခေရုဗိမ်တွေက သေတ္တာတော်ရှိတဲ့နေရာပေါ် အတောင်တွေ ဖြန့်ထားတဲ့အတွက် သေတ္တာတော်ရော ထမ်းပိုးတွေကိုပါ အုပ်မိုးနေတယ်။+
၈ ထမ်းပိုးတွေ+ ရှည်လွန်းတော့ ထမ်းပိုးအဖျားပိုင်းကို အတွင်းခန်းရဲ့အရှေ့ သန့်ရှင်းရာအခန်းကနေ မြင်နေရတယ်။ အပြင်ကနေတော့ မမြင်ရဘူး။ ထမ်းပိုးတွေ အခုထိ အဲဒီမှာရှိနေတုန်းပဲ။
၉ သေတ္တာတော်ထဲမှာ ကျောက်ပြားနှစ်ချပ်ပဲ+ ရှိတယ်။ အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီး+ ယေဟောဝါနဲ့ ပဋိညာဉ်ဖွဲ့တုန်းက+ ဟောရပ်အရပ်မှာ သေတ္တာတော်ထဲ မောရှေထည့်ခဲ့တဲ့+ ကျောက်ပြားတွေဖြစ်တယ်။
၁၀ သန့်ရှင်းရာအခန်းကနေ ပုရောဟိတ်တွေ ထွက်လာတဲ့အခါ ယေဟောဝါရဲ့ အိမ်တော်ဟာ မိုးတိမ်နဲ့+ ပြည့်သွားတယ်။+
၁၁ မိုးတိမ်ကြောင့် ပုရောဟိတ်တွေ အဲဒီမှာ ဆက်ပြီးအမှုဆောင်လို့ မရတော့ဘူး။ ယေဟောဝါရဲ့ အိမ်တော်မှာ ယေဟောဝါရဲ့ ဘုန်းအသရေ ပြည့်နေတယ်။+
၁၂ အဲဒီအခါ ရှောလမုန်က “ယေဟောဝါဘုရား၊ ကိုယ်တော်က တိမ်ထုကြီးထဲမှာ စံမြန်းမယ်လို့ ပြောခဲ့တယ်။+
၁၃ ကိုယ်တော့်အတွက် မြင့်မြတ်တဲ့အိမ်တော်၊ ထာဝစဉ်စံမြန်းဖို့ တည်မြဲတဲ့ နေရာတစ်ခုကို ကျွန်တော် အောင်မြင်စွာ တည်ဆောက်ခဲ့ပါပြီ”+ လို့ပြောတယ်။
၁၄ အဲဒီနောက် မင်းကြီးက ရပ်နေတဲ့ အစ္စရေးလူစုကြီးဘက် လှည့်ပြီး ကောင်းချီးပေးတယ်။+
၁၅ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြ။ ဘုရားက ခမည်းတော်ဒါဝိဒ်ကို ကတိပေးခဲ့ရုံမက အဲဒီအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ပေးပြီ။
၁၆ ‘ငါ့လူမျိုးအစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ငါ့နာမည်တည်စေမယ့်+ အိမ်တော်ကို တည်ဆောက်ဖို့ အစ္စရေးအနွယ်တွေရဲ့ မြို့တစ်မြို့ကို ငါမရွေးချယ်ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ့လူမျိုးအစ္စရေးတွေကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကို ငါရွေးချယ်လိုက်ပြီ’ လို့လည်း ပြောခဲ့တယ်။
၁၇ ခမည်းတော်ဒါဝိဒ်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ဆောက်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။+
၁၈ ဒါပေမဲ့ ယေဟောဝါဘုရားက ခမည်းတော်ဒါဝိဒ်ကို ‘ငါ့နာမည်အတွက် အိမ်တော်ဆောက်ဖို့ မင်း ဆန္ဒပြင်းပြတယ်။ အဲဒီလိုဆန္ဒပြင်းပြတာ သိပ်ကောင်းတယ်။
၁၉ ဒါပေမဲ့ အိမ်တော်ကို မင်း မတည်ဆောက်ရဘူး။ မင်းရဲ့ရင်သွေး၊ မင်းရဲ့သားကပဲ ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်ရမယ်’+ လို့ပြောခဲ့တယ်။
၂၀ ယေဟောဝါဘုရားက ကတိတော်အတိုင်း လုပ်ဆောင်ခဲ့ပြီ။ ယေဟောဝါဘုရားရဲ့ ကတိအတိုင်း ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ကျွန်တော်ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီ။ အဲဒီအပြင် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ကို တည်ဆောက်ပြီး၊+
၂၁ ပဋိညာဉ်သေတ္တာ ထားမယ့်နေရာကို ပြင်ဆင်ပြီးပြီ။ အဲဒီသေတ္တာထဲမှာ ကျောက်ပြားနှစ်ချပ်ရှိတယ်။ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီး သူတို့နဲ့ ယေဟောဝါဘုရား ဖွဲ့ခဲ့တဲ့ ပဋိညာဉ်အကြောင်း ကျောက်ပြားပေါ်မှာ ရေးထားတယ်”+ လို့ပြောတယ်။
၂၂ ပြီးတော့ ရှောလမုန်က ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ရှေ့၊ အစ္စရေးလူစုကြီးရှေ့မှာ ရပ်လိုက်တယ်။ ကောင်းကင်ပေါ် လက်ဖြန့်ပြီး၊+
၂၃ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ အထက်မိုးကောင်းကင်မှာရော အောက်အရပ် မြေကြီးပေါ်မှာပါ ကိုယ်တော့်လို ဘုရားသခင်မျိုး မရှိပါဘူး။+ ကိုယ်တော်ဟာ ပဋိညာဉ်ကို တည်စေတဲ့အရှင်၊ လမ်းစဉ်တော်အတိုင်း စိတ်စွမ်းရှိသမျှ လျှောက်လှမ်းတဲ့ ကျေးကျွန်တွေကို+ ခိုင်မြဲတဲ့မေတ္တာပြတဲ့အရှင်+ ဖြစ်ပါတယ်။
၂၄ ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်အပေါ် ကတိတည်တယ်။ ကတိပေးရုံမက အဲဒီအတိုင်းဖြစ်လာအောင် ဒီနေ့ အကောင်အထည် ဖော်ပေးခဲ့တယ်။+
၂၅ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်က ‘မင်းရဲ့ သားမြေးတွေဟာ မင်းလိုပဲ သစ္စာရှိတဲ့ လမ်းစဉ်အတိုင်း ဂရုတစိုက် လျှောက်လှမ်းမယ်ဆိုရင် အစ္စရေး ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’ ဆိုပြီး ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိကို တည်စေပါ။+
၂၆ အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ကတိတွေ တကယ်ဖြစ်လာပါစေ။
၂၇ “အို ဘုရားသခင်၊ ကမ္ဘာမြေပေါ် တကယ်ပဲ စံမြန်းမှာလား။+ ကောင်းကင်သာမက အမြင့်ဆုံး ကောင်းကင်ကြီးတောင် ကိုယ်တော် စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူး။+ ကျွန်တော်ဆောက်တဲ့ ဒီအိမ်တော်ဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။+
၂၈ ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းနေတာ၊ မျက်နှာသာရဖို့ အသနားခံနေတာကို အာရုံစိုက်လှည့်ပါ။ ဒီနေ့ ရှေ့တော်မှာ ကျွန်တော် ဆုတောင်းတာ၊ အကူအညီတောင်းခံတာကို နားထောင်ပေးပါ။
၂၉ ‘ငါ့နာမည်ကို တည်စေမယ်’+ လို့ ကိုယ်တော်ပြောခဲ့တဲ့ ဒီနေရာ၊ ဒီအိမ်တော်ကို နေ့ညမပြတ် ကြည့်ရှုပေးပါ။ ဒီနေရာကိုမျက်နှာမူပြီး ကျွန်တော် ဆုတောင်းနေတာကို နားထောင်ပေးပါ။+
၃၀ ကျွန်တော်နဲ့ လူမျိုးတော်အစ္စရေးတွေ ဒီနေရာကိုမျက်နှာမူပြီး မျက်နှာသာရဖို့ အသနားခံတဲ့အခါ စံမြန်းရာ ကောင်းကင်ကနေ+ နားထောင်ပေးပါ။ နားထောင်ပြီး ခွင့်လွှတ်ပေးပါ။+
၃၁ “လူတစ်ယောက်က တခြားတစ်ယောက်ကို ပြစ်မှားတယ်လို့ စွပ်စွဲခံရပြီး ကျိန်ပြောဖို့* တောင်းဆိုခံရတဲ့အတွက် ဒီအိမ်တော်မှာရှိတဲ့ ပူဇော်ရာပလ္လင်ရှေ့ကို လာပြီး ကျိန်ပြောမယ်ဆိုရင်၊+
၃၂ ကောင်းကင်ကနေ နားထောင်ပြီး အရေးယူ စီရင်ပေးပါ။ ဆိုးညစ်သူကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သူလုပ်ခဲ့တဲ့အတိုင်း ဒဏ်ပေးလှည့်ပါ။ ဖြောင့်မတ်သူကိုတော့ အပြစ်မဲ့တယ်လို့ သတ်မှတ်ပြီး သူ့ရဲ့ ဖြောင့်မတ်မှုနဲ့အညီ ဆုချလှည့်ပါ။+
၃၃ “ကိုယ်တော့်လူမျိုး အစ္စရေးတွေ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့အတွက် ရန်သူတွေကို ရှုံးနိမ့်သွားတဲ့အခါ+ ကိုယ်တော့်ဆီ ပြန်လှည့်လာပြီး နာမတော်ကို ချီးမွမ်းမယ်၊+ ဒီအိမ်တော်မှာ ဆုတောင်းပြီး မျက်နှာသာရဖို့ တောင်းပန်မယ် ဆိုရင်၊+
၃၄ ကောင်းကင်ကနေ နားထောင်ပြီး လူမျိုးတော် အစ္စရေးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ ဘိုးဘေးတွေကို ပေးထားတဲ့ပြည်ဆီ ပြန်ပို့ဆောင်ပေးပါ။+
၃၅ “ကိုယ်တော့်ကို အကြိမ်ကြိမ် ပြစ်မှားတဲ့အတွက်+ သူတို့ကို မာန်စွယ်ချိုးဖို့ မိုးကောင်းကင်ကို ပိတ်ပြီး မိုးခေါင်စေတဲ့အခါ+ ဒီနေရာကိုမျက်နှာမူပြီး သူတို့ဆုတောင်းမယ်၊ နာမတော်ကို ချီးမွမ်းမယ်၊ အပြစ်တွေကို ကျောခိုင်းမယ်ဆိုရင်၊+
၃၆ ကောင်းကင်ကနေ နားထောင်ပြီး ကိုယ်တော့်ကျေးကျွန် အစ္စရေးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ သူတို့လျှောက်သင့်တဲ့ လမ်းမှန်အကြောင်း သွန်သင်ပေးပါ။+ သူတို့ကို အမွေပေးထားတဲ့ ပြည်မှာ မိုးရွာစေပါ။+
၃၇ “တိုင်းပြည်မှာ အငတ်ဘေး၊+ ကပ်ရောဂါဘေး၊ အပူရှိန်ကြောင့် အပင်သေတဲ့ဘေး၊ မှိုရောဂါ၊+ ကျိုင်းကောင်အုပ် ဒါမှမဟုတ် နှံကောင်အုပ်တွေ ကျရောက်တဲ့အခါ၊ မြို့တစ်မြို့ကို ရန်သူတွေဝိုင်းရံတဲ့အခါ ဒါမှမဟုတ် ဘေးဒဏ်တစ်မျိုးမျိုး၊ ရောဂါတစ်မျိုးမျိုး ကျရောက်တဲ့အခါ၊+
၃၈ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အစ္စရေးလူအားလုံးဖြစ်စေ (ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတဲ့အတွက်)+ ဒီအိမ်တော်ဘက် လက်ဖြန့်ပြီး ဆုတောင်းမယ်၊ မျက်နှာသာရဖို့ အသနားခံမယ်ဆိုရင်၊+
၃၉ စံမြန်းရာ ကောင်းကင်ကနေ+ နားထောင်ပြီး ခွင့်လွှတ်ပေးပါ။+ တစ်ဦးစီရဲ့စိတ်ကို ကိုယ်တော်သိတဲ့အတွက် သူတို့ရဲ့ လုပ်ရပ်အတိုင်း အရေးယူလုပ်ဆောင်ပြီး ဆုချပေးပါ။+ (လူသားတိုင်းရဲ့ စိတ်နှလုံးကို ကိုယ်တော်တစ်ပါးတည်းသာ အမှန်တကယ် သိတာပါ။)+
၄၀ ဒါမှသာ သူတို့ဟာ ဘိုးဘေးတွေကိုပေးထားတဲ့ ပြည်မှာ နေထိုင်သမျှ ကာလပတ်လုံး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မယ်။
၄၁ “ဒါ့အပြင် အစ္စရေးလူမျိုးမဟုတ်ပေမဲ့ နာမတော်ကြောင့် ရပ်ဝေးကနေ ရောက်လာတဲ့ တိုင်းတစ်ပါးသားက၊+
၄၂ (ကြီးမြတ်တဲ့ နာမတော်၊+ အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့ လက်ရုံးတော်အကြောင်း ကြားသိတဲ့အတွက်) ဒီအိမ်တော်ဘက်ကို မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊
၄၃ စံမြန်းရာ ကောင်းကင်ကနေ+ နားထောင်ပေးပါ။ သူတောင်းလျှောက်သမျှ လုပ်ဆောင်ပေးပါ။ ဒါမှသာ ကမ္ဘာပေါ်က လူမျိုးအားလုံးဟာ လူမျိုးတော် အစ္စရေးတွေလိုပဲ နာမတော်ကို သိလာပြီး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြမှာပါ။+ ကျွန်တော်ဆောက်တဲ့ ဒီအိမ်တော်ကို နာမတော်နဲ့ သမုတ်ထားမှန်း သိလာကြမှာပါ။
၄၄ “အစ္စရေးတွေဟာ အမိန့်တော်အတိုင်း ရန်သူတွေကို စစ်တိုက်ထွက်တဲ့အခါ+ ကိုယ်တော် ရွေးချယ်တဲ့ မြို့ဘက်၊+ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက်+ မျက်နှာမူပြီး ယေဟောဝါဘုရားဆီ ဆုတောင်းမယ်ဆိုရင်၊+
၄၅ သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို ကောင်းကင်ကနေ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။
၄၆ “(အပြစ်မလုပ်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက်)+ အစ္စရေးတွေ အပြစ်ကျူးလွန်တဲ့အခါ အမျက်ထွက်ပြီး ရန်သူ့လက်ထဲအပ်လိုက်လို့ ရပ်နီးရပ်ဝေး တိုင်းပြည်ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်ခံရပြီးနောက်၊+
၄၇ အဲဒီတိုင်းပြည်မှာ အသိတရားရလာပြီး+ ကိုယ်တော့်ဆီ ပြန်လှည့်လာမယ်ဆိုရင်၊+ ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ အမှားလုပ်မိပါပြီ။ မိုက်မိုက်မဲမဲ လုပ်မိပါပြီ’+ လို့ဝန်ခံပြီး ရန်သူ့တိုင်းပြည်ကနေ+ မျက်နှာသာရဖို့ တောင်းပန်မယ်ဆိုရင်၊
၄၈ ရန်သူ့တိုင်းပြည်မှာ သုံ့ပန်းဘဝရောက်နေတုန်း ကိုယ်တော့်ဆီ စိတ်စွမ်းရှိသမျှ၊+ ကိုယ်စွမ်းရှိသမျှ ပြန်လှည့်လာမယ်ဆိုရင်၊ ဘိုးဘေးတွေကိုပေးတဲ့ ပြည်ဘက်၊ ကိုယ်တော်ရွေးချယ်တဲ့မြို့ဘက်၊ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက် မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊+
၄၉ သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို စံမြန်းရာ ကောင်းကင်ကနေ+ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။
၅၀ ကိုယ်တော့်ကိုပြစ်မှားတဲ့ ဒီလူမျိုးကို ခွင့်လွှတ်ပေးပါ။ သူတို့ကျူးလွန်တဲ့ အပြစ်မှန်သမျှကို ခွင့်လွှတ်ပေးပါ။ ရန်သူတွေ သနားသွားအောင် လုပ်ပေးပါ။ ဒါဆိုရင် သူတို့ကို ရန်သူတွေ သနားပါလိမ့်မယ်။+
၅၁ (သူတို့ဟာ သံရည်ကျိုမီးဖိုဖြစ်တဲ့+ အီဂျစ်ပြည်ကနေ+ ခေါ်ထုတ်လာတဲ့ ကိုယ်တော့်လူမျိုး၊ ကိုယ်တော့်အမွေပါ။)+
၅၂ မျက်နှာသာရဖို့ ကျွန်တော်အသနားခံတာကို မြင်လှည့်ပါ။+ ကိုယ်တော့်လူမျိုး အစ္စရေးတွေ မျက်နှာသာရဖို့ အသနားခံတဲ့အခါတိုင်း နားထောင်ပေးပါ။+
၅၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ကိုယ်တော် ခေါ်ထုတ်လာတုန်းက ကိုယ်တော့်ကျွန် မောရှေကတစ်ဆင့် ပြောခဲ့တဲ့အတိုင်း ကမ္ဘာပေါ်က လူမျိုးအားလုံးထဲကနေ အစ္စရေးတွေကို ကိုယ်တော့်အမွေအဖြစ် သီးသန့်ဖယ်ထားပါပြီ”+ လို့ဆုတောင်းတယ်။
၅၄ ရှောလမုန်က ယေဟောဝါဆီ အဲဒီလိုဆုတောင်းပြီး မျက်နှာသာရဖို့ အသနားခံတယ်။ အဲဒီနောက် ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ရှေ့မှာ ကောင်းကင်ပေါ် လက်ဖြန့်ပြီး ဒူးထောက်နေရာကနေ မတ်တတ်ရပ်လိုက်တယ်။+
၅၅ ပြီးတော့ အစ္စရေးလူစုကြီးအတွက် ကောင်းချီးမင်္ဂလာကို အသံကျယ်ကျယ်နဲ့ တောင်းခံပေးတယ်–
၅၆ “ကတိတော်အတိုင်း မိမိလူမျိုးအစ္စရေးအတွက် နားခိုရာနေရာကိုပေးတဲ့ အရှင် ယေဟောဝါဘုရားကို ချီးမွမ်းကြပါစေ။+ ကိုယ်တော့်ကျွန် မောရှေကတစ်ဆင့်ပေးခဲ့တဲ့ ကောင်းမွန်တဲ့ကတိအားလုံး မပြည့်စုံဘဲ မနေဘူး။+
၅၇ ဘိုးဘေးတွေနဲ့အတူ ယေဟောဝါဘုရား ရှိခဲ့သလို ကျွန်တော်တို့နဲ့လည်း အတူရှိပါစေ။+ ကျွန်တော်တို့ကို မစွန့်ပစ်ပါစေနဲ့။+
၅၈ ကိုယ်တော့်လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းချင်စိတ်ရှိအောင်၊+ ဘိုးဘေးတွေကို လိုက်နာခိုင်းတဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေအတိုင်း လုပ်ဆောင်ချင်စိတ်ရှိအောင် ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါစေ။
၅၉ မျက်နှာသာရဖို့ ယေဟောဝါဆီ ကျွန်တော်တောင်းပန်တဲ့ စကားတွေကို ယေဟောဝါဘုရား နေ့ညမပြတ် သတိရပါစေ။ ကျွန်တော်နဲ့ အစ္စရေးလူမျိုးအတွက် နေ့စဉ် လိုအပ်သလို တရားစီရင်ပေးပါစေ။
၆၀ ဒါမှ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ဖြစ်မှန်း ကမ္ဘာပေါ်က လူမျိုးအားလုံး သိကြလိမ့်မယ်။+ ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိဘူး။+
၆၁ ဒီနေ့မှာလိုပဲ ကိုယ်တော့်စည်းမျဉ်းတွေအတိုင်း လိုက်လျှောက်ကြပါ။ ပညတ်ချက်တွေကို လိုက်နာကြပါ။ ဒီနည်းနဲ့ ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့+ ဝတ်ပြုနိုင်ကြပါစေ။”
၆၂ အဲဒီနောက် ရှောလမုန်မင်းကြီးနဲ့ အစ္စရေးအားလုံးက ယေဟောဝါရှေ့မှာ ပူဇော်သက္ကာတွေ အများကြီး ပူဇော်ကြတယ်။+
၆၃ မင်းကြီးက နွား ၂၂,၀၀၀၊ သိုး ၁၂၀,၀၀၀ ကို မိတ်သဟာယ ပူဇော်သက္ကာအဖြစ်+ ယေဟောဝါဆီ ပူဇော်တယ်။ မင်းကြီးနဲ့ အစ္စရေးအားလုံးက ယေဟောဝါရဲ့ အိမ်တော်အပ်နှံတဲ့ အခမ်းအနားကို လုပ်ကြတယ်။+
၆၄ အဲဒီနေ့မှာ မင်းကြီးက ယေဟောဝါရဲ့ အိမ်တော်ရှေ့ ရင်ပြင်အလယ်မှာ မီးရှို့ရာပူဇော်သက္ကာတွေ၊ ကောက်နှံအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီတွေကို ပူဇော်ရမှာဖြစ်လို့ အဲဒီနေရာကို ဆက်ကပ်လိုက်တယ်။ ယေဟောဝါရှေ့က ကြေးနီပလ္လင်မှာ+ မီးရှို့ရာပူဇော်သက္ကာတွေ၊ ကောက်နှံအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီတွေ+ ပူဇော်ဖို့ နေရာမဆံ့လို့ပဲ။
၆၅ အဲဒီအချိန်မှာ ရှောလမုန်က ဟာမတ်လမ်းဝကနေ အီဂျစ် သဲချောင်းအထိ+ အရပ်ရပ်က ရောက်လာကြတဲ့ အစ္စရေးလူစုကြီးနဲ့အတူ ယေဟောဝါဘုရားရှေ့မှာ ၇ ရက်၊ နောက်ထပ် ၇ ရက်၊ စုစုပေါင်း ၁၄ ရက် ပွဲတော်+ ကျင်းပတယ်။
၆၆ နောက်တစ်နေ့မှာ* လူတွေကို ပြန်လွှတ်လိုက်တယ်။ လူတွေလည်း ရှောလမုန်မင်းကြီးအတွက် ဆုမွန်ကောင်း တောင်းပေးကြတယ်။ ဘုရားရဲ့ကျွန်ဒါဝိဒ်နဲ့ အစ္စရေးလူမျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးတဲ့ ကောင်းမြတ်မှု+ အားလုံးကြောင့် လူတွေ ဝမ်းသာကြည်နူးပြီး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။
^ တဲနေပွဲ။
^ မဟုတ်မမှန် ကျိန်ပြောရင် ပြစ်ဒဏ်သင့်ပါစေဆိုတဲ့ ကျိန်ဆိုချက်ကို ဆိုလို။
^ မူရင်း၊ “ရှစ်ရက်မြောက်နေ့။” နောက်ထပ် ၇ ရက်ကုန်လွန်ပြီး နောက်တစ်နေ့။