ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
“သိမ်ငယ်စိတ် မရှိတော့ဘူး”
မွေးဖွားတဲ့နှစ်။ ၁၉၆၃
နေရင်းနိုင်ငံ။ မက္ကဆီကို
ဘဝနောက်ခံ။ အိမ်ရာမဲ့ ကလေး။ သိမ်ငယ်စိတ် ဝင်နေသူ
အတိတ်
မက္ကဆီကိုမြောက်ပိုင်း၊ ဆူးဒတ် အိုဘရီဂွန်မှာ ကျွန်တော် မွေးဖွားလာတယ်။ မွေးချင်း ကိုးယောက်မှာ ငါးယောက်မြောက်ပါ။ မြို့ဆင်ခြေဖုံးမှာ နေထိုင်ကြတယ်။ အဖေက စိုက်ပျိုးမွေးမြူရေးခြံလေး လုပ်တယ်။ ပျော်စရာကောင်းတဲ့ နေရာပေါ့။ မိသားစုက စည်းလုံးပျော်ရွှင်တယ်။ ဝမ်းနည်းစရာကတော့ ကျွန်တော့်အသက် ငါးနှစ်အရွယ်မှာ မုန်တိုင်းကြောင့် ကျွန်တော်တို့ရဲ့ စိုက်ပျိုးမွေးမြူရေးခြံ ပျက်စီးသွားတယ်။ ဒါနဲ့ တခြားမြို့ကို ပြောင်းလိုက်ကြတယ်။
အဖေ စီးပွားရေး ပြေလည်လာတယ်။ တစ်ချိန်တည်းမှာပဲ အရက်သမား ဖြစ်လာတယ်။ ဒါကြောင့် အဖေ့အိမ်ထောင်ရေးနဲ့ ကျွန်တော်တို့ကလေးတွေကို ထိခိုက်လာတယ်။ ကျွန်တော်တို့ညီအစ်ကိုတွေ အဖေ့စီးကရက်တွေကို ခိုးသောက်တတ်လာကြတယ်။ ကျွန်တော် ခြောက်နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အရက်မူးခဲ့တယ်။ သိပ်မကြာပါဘူး၊ မိဘတွေ ကွဲသွားကြတယ်။ ကျွန်တော့်အကျင့်တွေလည်း ပိုဆိုးလာတယ်။
အမေက အမျိုးသားတစ်ယောက်နဲ့ အတူနေတော့ ကျွန်တော်တို့ကို ခေါ်ထားတယ်။ အဲဒီအမျိုးသားက အမေ့ကို ပိုက်ဆံမပေးဘူး။ အမေ့ဝင်ငွေနဲ့ ကျွန်တော်တို့ မလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့မောင်နှမတွေ အလုပ်လုပ်ကြရတယ်။ ဒါပေမဲ့ ရှာလို့ရတဲ့ငွေနဲ့ မလောက်ဘူး။ ကျွန်တော် ရှူးဖိနပ် တိုက်တယ်။ မုန့်၊ သတင်းစာ၊ ပီကေနဲ့ တခြားပစ္စည်းတွေ ရောင်းတယ်။ လူချမ်းသာတွေရဲ့ အမှိုက်ပုံတွေမှာ စားစရာ ရှာဖွေဖို့ တစ်မြို့လုံး လှည့်ပတ်သွားလာရတယ်။
ကျွန်တော် ဆယ်နှစ်အရွယ်မှာ လူတစ်ယောက်က မြို့အမှိုက်ပုံမှာ ဝိုင်းကူလုပ်ဖို့ ဖိတ်ခေါ်တော့ လက်ခံလိုက်တယ်။ ကျောင်းထွက်ပြီး အိမ်ကနေ ထွက်လာတယ်။ ကျွန်တော့်ကို တစ်နေ့ တစ်ဒေါ်လာနီးပါး ပေးသလို အမှိုက်ပုံကနေ ရတဲ့စားစရာတွေလည်း ပေးတယ်။ စွန့်ပစ်ပစ္စည်းတွေနဲ့ ကိုယ်တိုင် ဆောက်ထားတဲ့ တဲမှာ ကျွန်တော် နေတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေဟာ အပြောအဆို ညစ်ညမ်းကြသလို လိင်စာရိတ္တလည်း ယိုယွင်းကြတယ်။ ဆေးသမား၊ အရက်သမားတွေ များတယ်။ ကျွန်တော့်ဘဝ အဆိုးဆုံးကာလပေါ့။ ညတိုင်း ကြောက်ကြောက်နဲ့ ငိုခဲ့ရတယ်။ ဆင်းရဲမွဲတေမှုနဲ့ ပညာရေးအားနည်းမှုကြောင်း သိပ်ရှက်ခဲ့တယ်။ အမှိုက်ပုံမှာ သုံးနှစ်နေပြီး မက္ကဆီကို တခြားပြည်နယ်ဘက် ပြောင်းသွားတယ်။ အဲဒီမှာ လယ်သမား လုပ်တယ်။ ပန်းတွေ၊ ဝါတွေ ခူးတယ်။ ကြံတွေ ခုတ်တယ်။ အာလူးတွေ လိုက်ကောက်တယ်။
လေးနှစ်ကြာတော့ ဆူးဒတ် အိုဘရီဂွန်ကို ပြန်ပြောင်းလာတယ်။ ပယောဂဆရာမ အရီးကြီးက အိမ်မှာ အခန်းတစ်ခန်း ပေးနေတယ်။ အိပ်မက်ဆိုးတွေ စမက်လာတယ်။ စိတ်ဓာတ်ကျပြီး သေကြောင်းကြံဖို့ စဉ်းစားလာတယ်။ တစ်ညတော့ “ဘုရားသခင် တကယ်ရှိရင် ဘုရားကို ကျွန်တော် သိကျွမ်းချင်ပါတယ်။ ထာဝစဉ် ဝတ်ပြုသွားပါမယ်။ စစ်မှန်တဲ့ဘာသာတရား ရှိရင် သိချင်ပါတယ်” ဆိုပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်။
ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ
ကျွန်တော့်အနေနဲ့ ဘုရားတရားကို အမြဲစိတ်ဝင်စားခဲ့ပါတယ်။ ကလေးဘဝတုန်းကတောင် ဘုရားကျောင်းအမျိုးမျိုး လိုက်တက်ခဲ့တယ်။ ဒါပေမဲ့ စိတ်ပျက်ခဲ့ရတာချည်းပဲ။ ဘယ်ဘုရားကျောင်းကမှ ကျမ်းစာအကြောင်း သိပ်မပြောကြသလို ဘုရားသခင်အကြောင်း သိချင်တဲ့ ကျွန်တော့်ဆန္ဒကိုလည်း မဖြည့်ဆည်းပေးနိုင်ကြဘူး။ ဘုရားကျောင်းတချို့က ငွေကို အလေးပေးလွန်းကြသလို တချို့ကျတော့ အသင်းသားတွေ လိင်အကျင့်ယိုယွင်းနေကြလေရဲ့။
ကျွန်တော် ၁၉ နှစ်အရွယ်မှာ ဘာသာရေး ရုပ်ပုံအသုံးပြုခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို ယေဟောဝါသက်သေတွေ ပြခဲ့တဲ့အကြောင်း ကျွန်တော့်ယောက်ဖတစ်ယောက်က ပြောပြလာတယ်။ ကျွန်တော့်ကို ထွက်မြောက်ရာ ၂၀:၄၊ ၅ ကို ဖတ်ပြတယ်။ ရုပ်တုတွေ မထုလုပ်ရဘူးလို့ ဆိုထားတယ်။ အခန်းငယ် ၅ မှာ “အဲဒါတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။ မင်းတို့ရဲ့ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား” တဲ့။ ပြီးတော့ ယောက်ဖက “ဘုရားသခင်က အံ့ဖွယ်အမှုတွေ လုပ်ဖို့ ရုပ်ပုံတွေ သုံးရင်၊ ဝတ်ပြုကိုးကွယ်မှုမှာ ရုပ်ပုံတွေ သုံးစေချင်ရင် ဘာကြောင့် ဒီလိုတားမြစ်နေရသလဲ” လို့ မေးတယ်။ ဒါနဲ့ စဉ်းစားမိသွားတယ်။ ကျမ်းစာအကြောင်း အကြိမ်ကြိမ် ဆွေးနွေးဖြစ်ကြတယ်။ အားရစရာကောင်းတော့ အချိန်ကုန်မြန်လွန်းနေသလိုပါပဲ။
နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ခေါ်သွားတယ်။ အဲဒီမှာ မြင်ခဲ့ကြားခဲ့တာတွေကြောင့် သိပ်သဘောကျသွားတယ်။ လူငယ်တွေတောင် အစီအစဉ်မှာ ပါဝင်ကြတယ်။ စင်ပေါ်ကနေ သွက်သွက်လက်လက် ဟောပြောကြတယ်။ ‘ဒီနေရာမှာ တကယ့်ပညာရေးကို ဆည်းပူးနေကြပါလား’ လို့ စဉ်းစားမိသွားတယ်။ ဆံပင်ရှည်ရှည်နဲ့ ဖြစ်ကတတ်ဆန်း ဝတ်စားထားပေမဲ့ ကျွန်တော့်ကို သက်သေခံတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ အစည်းအဝေး ပြီးတဲ့နောက် ညနေစာ လာစားဖို့တောင် မိသားစုတစ်စုက ဖိတ်ခေါ်တယ်။
သက်သေခံတွေနဲ့ ကျမ်းစာ လေ့လာရာကနေ ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာရေး နောက်ခံ ဘယ်လိုပဲ ရှိနေပါစေ ဂရုစိုက်တဲ့ မေတ္တာရှင်ဖခင် ဖြစ်ကြောင်း သိလာရတယ်။ တကယ် မျက်နှာမလိုက်တတ်တဲ့ဘုရားပါ။ (တမန်တော် ၁၀:၃၄၊ ၃၅) နောက်ဆုံးတော့ ဘုရားသခင်ကို သိကျွမ်းချင်တဲ့ဆန္ဒ ပြည့်ဝသွားတယ်။ တစ်ခုခု လစ်ဟာနေတယ်ဆိုတဲ့ ခံစားချက်လည်း မရှိတော့ဘူး။
အကျိုးကျေးဇူး ခံစားခဲ့ရပုံ
ကျွန်တော့်ဘဝ သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်။ ဆေးလိပ် မသောက်တော့ဘူး။ အရက် တလွဲမသုံးတော့ဘူး။ ညစ်ညမ်းတဲ့စကားတွေ မပြောတော့ဘူး။ ကလေးဘဝကတည်းက ကိန်းအောင်းနေခဲ့တဲ့ မကျေနပ်မှုတွေ မရှိတော့သလို အိပ်မက်ဆိုးတွေလည်း မမက်တော့ဘူး။ အမြစ်တွယ်နေတဲ့ သိမ်ငယ်စိတ်လည်း မရှိတော့ဘူး။ ကလေးဘဝအဖြစ်ဆိုးနဲ့ ကျောင်းပညာရေး အားနည်းမှုကြောင့် သိမ်ငယ်တတ်တဲ့ စိတ်ဒဏ်ရာကို ရခဲ့တာပါ။
ယေဟောဝါကို ချစ်မြတ်နိုးတဲ့၊ ကျွန်တော့်ကို အများကြီး ထောက်မကူညီပေးတဲ့ ဇနီးကောင်း ရထားပါပြီ။ အခု ယေဟောဝါသက်သေများရဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ထမ်းဆောင်နေပါတယ်။ အသင်းတော်တွေကို လည်ပတ်ပြီး ကျွန်တော့်ရဲ့ ခရစ်ယာန် ညီအစ်ကို/မတွေကို အားပေးသွန်သင်ပေးနေပါတယ်။ ကျမ်းစာရဲ့ ကုစားပေးနိုင်စွမ်းနဲ့ ဘုရားသခင် ပေးထားတဲ့ အကောင်းဆုံး ပညာရေးကြောင့် သိမ်ငယ်စိတ်လည်း မရှိတော့ပါဘူး။