ဓမ္မဆရာလို့ အထင်မှား
ချီလီနိုင်ငံ၊ သင်္ချိုင်းတစ်ခုရဲ့ အပြင်ဘက်မှာ အိုစမန်နဲ့ ဇနီး၊ သမီးတို့ဟာ စာအုပ်လက်တွန်းစင်သုံးပြီး သက်သေခံနေကြတယ်။ ရုတ်တရက်ဆိုသလို အသုဘပို့တဲ့ လူအုပ်ကြီးဟာ တေးသံအကျယ်ကြီး တီးခတ်ပြီး ရောက်လာကြတယ်။ တချို့က အိုစမန်ကို သူတို့ရဲ့ ဧဝံဂေလိချာ့ချ်က ဓမ္မဆရာထင်လို့ အနားကပ်လာပြီး “အချိန်မီရောက်လာလို့ ကျေးဇူးတင်ပါတယ်၊ ဆရာ။ ဆရာ့ကို ကျွန်တော်တို့ မျှော်နေတာ” လို့ ပြောကြတယ်။
အိုစမန်က ရှင်းပြဖို့ ကြိုးစားပေမဲ့ ဆူညံနေတဲ့ လူအုပ်ကြောင့် သူပြောတာကို ကောင်းကောင်း မကြားကြဘူး။ သင်္ချိုင်းထဲကို လူအုပ်ဝင်သွားပြီး ခဏနေတော့ လူတချို့ ပြန်ရောက်လာပြီး “ဆရာ၊ သင်္ချိုင်းထဲမှာ ဆရာ့ကို စောင့်နေကြတယ်” လို့ ပြောတယ်။
ဆူညံသံမရှိတော့လို့ အိုစမန်က မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဘာကြောင့် ဒီမှာရှိနေကြောင်း ရှင်းပြလိုက်တယ်။ ဓမ္မဆရာ မရောက်လာလို့ စိတ်ပျက်နေတဲ့ လူအုပ်က အိုစမန်ကို “ခင်ဗျား လာပြီး လူအုပ်ကို ကျမ်းစာထဲက စကားတချို့ ပြောပြပေးနိုင်မလား” ဆိုပြီး မေးတယ်။ အိုစမန် သဘောတူလိုက်တယ်။
သင်္ဂြိုဟ်မယ့်နေရာကို သွားနေရင်း အိုစမန်က သေသွားတဲ့သူအကြောင်း မေးကြည့်ပြီး ကျမ်းချက်တချို့ကို စဉ်းစားလိုက်တယ်။ သင်္ဂြိုဟ်မယ့်နေရာကို ရောက်တဲ့အခါ အိုစမန်က မိမိကိုယ်ကိုယ် မိတ်ဆက်ပြီး ယေဟောဝါသက်သေဖြစ်ကြောင်း၊ လူတွေကို သတင်းကောင်း ကြေညာတဲ့ အလုပ်မှာ ပါဝင်နေတာဖြစ်ကြောင်း ပြောပြတယ်။
ပြီးတဲ့နောက် ဗျာဒိတ် ၂၁:၃၊ ၄ နဲ့ ယောဟန် ၅:၂၈၊ ၂၉ ကို သုံးပြီး လူသားတွေ သေဆုံးတာက ဘုရားရည်ရွယ်ချက် မဟုတ်မှန်း ရှင်းပြတယ်။ မကြာခင် ဘုရားက သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်၊ သူတို့တွေ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့်ရမယ်လို့ ပြောပြတယ်။ အိုစမန် ပြောလို့ ပြီးသွားတဲ့အခါ လူအတော်များများက သူ့ကိုဖက်ပြီး “ယေဟောဝါရဲ့ သတင်းကောင်း” အတွက် ကျေးဇူးတင်တယ်လို့ ပြောကြတယ်။ အဲဒီနောက် စာအုပ်လက်တွန်းစင် ရှိရာကို အိုစမန် ပြန်သွားတယ်။
ဈာပနအခမ်းအနား ပြီးသွားတဲ့အခါ ဝမ်းနည်းနေသူတချို့ လက်တွန်းစင်နားကို ရောက်လာပြီး အိုစမန်တို့ မိသားစုကို ကျမ်းစာမေးခွန်းတွေ မေးကြတယ်။ အကြာကြီး စကားပြောကြပြီးနောက် လက်တွန်းစင်ပေါ်က စာပေအားလုံးနီးပါးကို ယူပြီး ထွက်သွားကြတယ်။