ကျမ်းပိုဒ် ရှင်းပြချက်များ
ဖိလိပ္ပိ ၄:၆၊ ၇—‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိနှင့်’
“ဒါကြောင့် ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်းက ခရစ်တော် ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇၊ ယုဒသန်ကျမ်း။
ဖိလိပ္ပိ ၄:၆၊ ၇ ရဲ့ အဓိပ္ပာယ်
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေဟာ စိုးရိမ်ပူပန်မှု၊ စိတ်သောကတွေ သက်သာအောင် ဆုတောင်းကြတယ်။ ဘုရားပေး စိတ်ငြိမ်သက်မှုက စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး စိတ်အတွေးနဲ့ ခံစားချက်တွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။ အခန်းငယ် ၆ မှာ အဲဒီလို ငြိမ်သက်မှုမျိုး ရအောင် ကူညီပေးမယ့် ဆုတောင်းခြင်းမျိုးကို ဖော်ပြထားတယ်။
တိုးလျှိုးအသနားခံတယ်ဆိုတာ စိတ်ရင်းမှန်နဲ့ အသနားခံတဲ့ ဆုတောင်းချက် ဖြစ်တယ်။ ယေရှုလိုပဲ လူတစ်ယောက်ဟာ စိတ်ဖိစီးနေချိန်၊ အန္တရာယ် ကျရောက်ချိန်မှာ ဘုရားသခင်ဆီ တိုးလျှိုးအသနားခံနိုင်တယ်။ (ဟီဘရူး ၅:၇) အဲဒီလို မကြာခဏ တိုးလျှိုးအသနားခံ ဆုတောင်းနိုင်ပါတယ်။
အသနားခံတယ်ဆိုတာ ဘုရားသခင်ဆီ သတ်သတ်မှတ်မှတ် တောင်းခံတာ ဖြစ်တယ်။ ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေအနေနဲ့ “အရာရာတိုင်း၊” “အခြေအနေတိုင်း” မှာ အသနားခံ ဆုတောင်းနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာမှာ ပါတဲ့ ဘုရားအလိုတော်နဲ့အညီ ဆုတောင်းရမယ်။—၁ ယောဟန် ၅:၁၄။
ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာ ကျွန်တော်တို့အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့တာတွေ၊ လုပ်ဆောင်ပေးဦးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြတာ ဖြစ်တယ်။ ဘုရား လုပ်ဆောင်ပေးတဲ့ ကျေးဇူးတင်စရာတွေကို အာရုံစိုက်တဲ့အခါ စိတ်ရွှင်လန်းစေတယ်။—၁ သက်သာလောနိတ် ၅:၁၆-၁၈။
ဘုရားသခင်က ဆုတောင်းသူတွေကို စိတ်ငြိမ်သက်မှု ပေးခြင်းအားဖြင့် အဲဒီလို ဆုတောင်းချက်တွေကို နားထောင်ကြောင်း ဖော်ပြတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ရလာတဲ့ စိတ်ငြိမ်သက်အေးချမ်းမှု ဖြစ်တယ်။ (ရောမ ၁၅:၁၃။ ဖိလိပ္ပိ ၄:၉) “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့” ဒီငြိမ်သက်ခြင်းဟာ ဘုရားဆီက လာပြီး ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုကူညီပေးနိုင်ပါတယ်။
ဒီအခန်းငယ်မှာ ဘုရားသခင့် ငြိမ်သက်ခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးနိုင်တယ်လို့ ဖော်ပြထားတယ်။ “စောင့်ရှောက်” ဆိုပြီး ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း ဖြစ်ပြီး မြို့ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ တပ်ဖွဲ့ကို ရည်ညွှန်းတယ်။ အလားတူပဲ၊ ဘုရားသခင့် ငြိမ်သက်ခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းကို ကာကွယ်ပေးတယ်။ စိတ်ငြိမ်သက်မှုက စိတ်ဆင်းရဲစရာ ပြဿနာတွေအတွက် အလွန်အမင်း စိုးရိမ်ပူပန်တာမျိုး မဖြစ်အောင် ကူညီပေးတယ်။
ဘုရားပေး ငြိမ်သက်ခြင်းဟာ “ခရစ်တော်ယေရှုကတစ်ဆင့်” ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ အကြောင်းကတော့ ယေရှုအားဖြင့် ဘုရားနဲ့ ဆက်ဆံရေးကောင်း ရရှိနိုင်လို့ပဲ။ ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ရွေးဖိုးအဖြစ် ယေရှု အသက်ပေးခဲ့တယ်။ ယေရှုကို ယုံကြည်ကြောင်း တင်ပြရင် ဘုရားရဲ့ ကောင်းချီး ခံစားရမယ်။ (ဟီဘရူး ၁၁:၆) ယေရှုကတစ်ဆင့် ဘုရားဆီ ဆုတောင်း ချဉ်းကပ်နိုင်တယ်။ “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ယေရှု ပြောတယ်။—ယောဟန် ၁၄:၆။ ၁၆:၂၃။
ဖိလိပ္ပိ ၄:၆၊ ၇ ရဲ့ အထက်အောက်
ဖိလိပ္ပိကျမ်းကို ဖိလိပ္ပိမြို့မှာ a ရှိတဲ့ ခရစ်ယာန်တွေဆီ ပေါလု ရေးခဲ့ခြင်း ဖြစ်တယ်။ အခန်းကြီး ၄ မှာ ပေါလုက အသင်းတော်မှာ ရှိတဲ့ ခရစ်ယာန်တွေကို ဝမ်းမြောက်ကြဖို့ အားပေးပြီး သူတို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဒီအတွက် သူ အလွန်ပျော်ကြောင်း ပြောခဲ့တယ်။ (ဖိလိပ္ပိ ၄:၄၊ ၁၀၊ ၁၈) ဆုတောင်းခြင်းဟာ ဘုရားသခင့် ငြိမ်သက်မှုကို ဘယ်လို ရရှိစေနိုင်ကြောင်း၊ “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” ဆီကနေ အကူအညီ ရရှိစေမယ့် အကျိုးဖြစ်စေတဲ့ အတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေအကြောင်း ပေါလု ဖော်ပြတယ်။—ဖိလိပ္ပိ ၄:၈၊ ၉။
a ဒီနေ့ခေတ် ဂရိနိုင်ငံမှာ တည်ရှိတယ်။