လူငယ်များအမေး
မိဘတွေ လူမှုမီဒီယာ ပေးမသုံးရင်ကော
သူငယ်ချင်းတွေ တစ်ယောက်မကျန် လူမှုမီဒီယာ သုံးနေကြတဲ့ ပုံပဲ၊ တစ်ချိန်လုံး အဲဒီအကြောင်းပဲ ပြောနေကြတာ။ ကိုယ့်မှာ အကောင့် မဖွင့်ထားရင် လှောင်ပြောင်ခံရနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ဘာသိထားသင့်သလဲ။ ဘာလုပ်နိုင်သလဲ။
သိသင့်သိအပ်ရာ
သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မိဘအတော်များများက သူတို့သားသမီးကို လူမှုမီဒီယာ ပေးမသုံးကြဘူး။ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တာကို သိထားကြလို့ပါ။ လူမှုမီဒီယာကြောင့်
စိတ်ကျဝေဒနာနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နိုင်တယ်။
ညစ်ညမ်းရုပ်ပုံစာပေနဲ့ ထိတွေ့တာ၊ ညစ်ညမ်းတဲ့ ပုံ/စာ အချင်းချင်း ပို့တာ၊ အွန်လိုင်းသုံးပြီး အနိုင်ကျင့်တာ ခံရနိုင်တယ်။
သူငယ်ချင်းတွေကြား မလိုအပ်တဲ့ အထင်လွဲမှုတွေ ကြုံရနိုင်တယ်။
လူငယ်အတော်များများ လူမှုမီဒီယာ မသုံးတော့ဖို့ ဆုံးဖြတ်ကြတယ်။ အကျိုးပေးတာ နည်းနည်း၊ ထိခိုက်တာက များများဆိုတာကို လူငယ်တွေ ကိုယ်တိုင် သတိထားမိလာကြပြီ။ အောက်ပါ ဖြစ်ရပ်မှန်တွေကို သုံးသပ်ကြည့်ပါ–
အကျိုးရှိတာတွေအတွက် သုံးလို့ရမယ့်အချိန်က လူမှုမီဒီယာ သုံးတာနဲ့ပဲ အချိန်ပုပ်သွားတာကို ပရီစီးလာ သတိထားမိတယ်။
လူမှုမီဒီယာမှာ မသင့်တော်တာတွေ ပေါ်မလာအောင် လုပ်လို့မရတာကို ဂျယ်ရမီ မကြိုက်ဘူး။
လူမှုမီဒီယာကြောင့် တခြားသူတွေ ဘာလုပ်နေသလဲဆိုတာ တစ်ချိန်လုံး တွေးနေမိတယ်ဆိုပြီး ဘက်သနီ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။
“လူမှုမီဒီယာ အက်ပ်ကို ဖျက်ဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားတယ်။ မသုံးရလို့ ဘာမှ ဖြစ်မသွားဘူး။ ကိုယ့်အတွက် အရေးကြီးဆုံးအရာတွေကို အာရုံစိုက်ဖို့ အချိန်ထွက်လာလို့ ဝမ်းသာလိုက်တာ။”—ဆီအယ်ရာ။
“ကျွန်မ မကြိုက်တဲ့အချက်က လူမှုမီဒီယာကို စွဲဖို့ တအားလွယ်တယ်။ ပြီးတော့ ကိုယ်တင်ထားတာတွေကို လူတွေ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို တစ်ချိန်လုံး စိတ်ရောက်နေတတ်တယ်။ အကောင့်ကို ဖျက်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ဖျက်လို့လည်းပြီးရော ချက်ချင်း စိတ်ပေါ့သွားတယ်။ ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားပြီ။”—ကိတ်။
လုပ်ဆောင်နိုင်ရာ
မိဘတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ စိတ်ဆိုးတာ၊ ကကြီကကြောင်လုပ်တာမျိုး မရှိဘဲ နာခံမယ်ဆိုရင် ကိုယ်ဟာ အတော်လေး ရင့်ကျက်နေပြီဆိုတာ မိဘတွေကို ပြလိုက်တာပဲ။
ကျမ်းစာအခြေခံမူ။ “မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်။”—ပညာအလိမ္မာ ၂၉:၁၁။
မိဘတွေ မသိအောင် လူမှုမီဒီယာ ခိုးသုံးဖို့၊ အကောင့်တစ်ခု ဖွင့်ဖို့ တချို့ အကြံပေးနိုင်တယ်။ အဲဒါ တကယ့် အမှားကြီးပါ။ မိဘ နောက်ကွယ်မှာ ခိုးလုပ်မယ်ဆိုရင် အမြဲ စိုးရိမ်ကြောက်လန့်နေမယ်၊ စိတ်မလုံမလဲ ဖြစ်ရလိမ့်မယ်။ အလိမ်ပေါ်သွားတဲ့အခါမှာလည်း ဒုက္ခရောက်နိုင်တယ်။ သင့်အပေါ် မိဘတွေ ယုံကြည်ဖို့ ခက်သွားမယ်။
ကျမ်းစာအခြေခံမူ။ ‘ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိတယ်။’—ဟီဘရူး ၁၃:၁၈။
ကိုယ့်ရဲ့ဆုံးဖြတ်ချက် ဖြစ်စေပါ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ လူငယ်တွေလို သင်လည်း လူမှုမီဒီယာကို ရှောင်သင့်တဲ့ အကြောင်းကောင်းတွေ စဉ်းစားမိနိုင်တယ်။ လူမှုမီဒီယာဟာ သင့်ကို အကျိုးသိပ်မပြုဘူးဆိုတဲ့ အဖြေထွက်နေရင် မိဘကြောင့် မဟုတ်ဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရှောင်လိုက်တာ ကောင်းတယ်။ ဒါမှသာ ရွယ်တူသူငယ်ချင်းတွေ မေးလာတဲ့အခါ သင်မျက်နှာပျက်သွားမှာ မဟုတ်သလို သင့်ကိုလည်း လှောင်ပြောင်တာတွေ နည်းသွားမယ်။
အဓိကအချက်။ မိဘတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ မိဘတွေနဲ့ သဘောတူနိုင်တာတွေကို ရှာပါ၊ မိဘတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ထက် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်စေပါ။ အခုလောလောဆယ်တော့ လူမှုမီဒီယာ မသုံးရရင်လည်း အဆင်ပြေနေပါလိမ့်မယ်။