မာတိကာဆီ ကျော်သွား

ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ

ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ကျမ်းစာသက္ကရာဇ်စဉ်အရ ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်မှာ ၁၉၁၄ ခုနှစ်က တည်ထောင်ခဲ့တယ်လို့ သိရတယ်။ ဒီအကြောင်းကို ဒံယေလအခန်းကြီး ၄ မှာပါတဲ့ ကြိုဟောချက်မှာ ဖော်ပြထားတယ်။

 ကြိုဟောချက်ရဲ့ အကျဉ်းချုပ်။ ဘုရားသခင်က ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို ရှေ့မှာဖြစ်လာမယ့်အရာတွေအကြောင်း အိပ်မက်ပေး ဖော်ပြခဲ့တယ်။ အဲဒီအိပ်မက်ထဲမှာ သစ်ပင်ကြီးတစ်ပင် ခုတ်လှဲခံရပြီး သစ်ပင် ပြန်မပေါက်နိုင်အောင် သစ်ငုတ်ကို “ခုနစ်ကာလ” ချည်ထားတယ်။ ခုနစ်ကာလပြီးတဲ့နောက် အဲဒီသစ်ပင် ပြန်ပေါက်လာတယ်။—ဒံယေလ ၄:၁၊ ၁၀–၁၆

 ကြိုဟောချက်ရဲ့ အစအဦးပြည့်စုံချက်။ သစ်ပင်ကြီးက နေဗုခဒ်နေဇာကို ဆိုလိုတယ်။ (ဒံယေလ ၄:၂၀–၂၂) သစ်ပင်ခုတ်လှဲခံရတာက သူစိတ်မနှံ့ဖြစ်ပြီး ဘုရင်အာဏာဆုံးရှုံးသွားတဲ့ ခုနစ်နှစ်ကို ဆိုလိုတယ်။ (ဒံယေလ ၄:၂၅) ဘုရားသခင်က နေဗုခဒ်နေဇာကို စိတ်ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးလိုက်တဲ့အခါ သူ့ရဲ့အာဏာကို ပြန်ရပြီး ဘုရားသခင့်အုပ်ချုပ်မှုကိုလည်း သူ အသိအမှတ်ပြုခဲ့တယ်။—ဒံယေလ ၄:၃၄–၃၆

 ကြိုဟောချက်မှာ အကြီးစားပြည့်စုံချက်ရှိတယ်ဆိုတဲ့ အထောက်အထား။ ကြိုဟောချက်တစ်ခုလုံးရဲ့ ရည်ရွယ်ချက်က “အမြင့်ဆုံးသောဘုရားသည် လူတို့နိုင်ငံများအပေါ်၌ အုပ်စိုးလျက် ပေးလိုသောသူတို့အား ပေးလိုသဖြင့် နိမ့်ကျသူကိုပင် ချီးမြှင့်၍ ဘုရင့်အရာ၌ ခန့်ထားတော်မူကြောင်း အသက်ရှင်သူတို့ သိနားလည်” ဖို့ဖြစ်တယ်။ (ဒံယေလ ၄:၁၇သမ္မာ) ဘုရားသခင်က အုပ်ချုပ်ပိုင်ခွင့်ကို မာနကြီးတဲ့ နေဗုခဒ်နေဇာကို အပြီးအပိုင်ပေးချင်ပါ့မလား။ မပေးပါဘူး၊ အိပ်မက်နောက်တစ်ခုအရ သူနဲ့ တခြားဘယ်အုပ်စိုးရှင်ကိုမှ ဒီအုပ်ချုပ်ပိုင်ခွင့်ကို ဘုရားသခင် ပေးမှာမဟုတ်ပါဘူး။ ဘုရားကိုယ်တိုင် “အဘယ်ခါမျှ မပျက်စီးနိုင်သည့် နိုင်ငံတစ်ခုကို တည်ထောင်” မှာဖြစ်တယ်။—ဒံယေလ ၂:၃၁–၄၄ခမ။

 ဘုရားသခင်က မြေကြီးပေါ်မှာ မိမိရဲ့အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ နိုင်ငံတစ်ခုကို တည်ထောင်ခဲ့တယ်။ အဲဒီနိုင်ငံက ရှေးအစ္စရေးနိုင်ငံဖြစ်တယ်။ အစ္စရေးဘုရင်တွေက ဘုရားအပေါ် သစ္စာမရှိတော့တဲ့အခါ အဲဒီနိုင်ငံကို “ပျက်စီး” ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ နိုင်ငံတော်အုပ်ချုပ်ခွင့်အာဏာကို “တရားဝင်ပိုင်ဆိုင်သူ” ကို ပေးမယ်လို့ ကြိုဟောခဲ့တယ်။ (ယေဇကျေလ ၂၁:၂၅–၂၇ခမ) ထာဝစဉ်တည်မြဲသွားမယ့် နိုင်ငံတော်ကို တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသူဟာ ယေရှုခရစ်ပဲဖြစ်တယ်လို့ ကျမ်းစာက ဖော်ပြတယ်။ (လုကာ ၁:၃၀–၃၃) နေဗုခဒ်နေဇာနဲ့မတူဘဲ ယေရှုဟာ ကြိုပြောထားတဲ့အတိုင်း “စိတ်နှိမ့်ချသောသဘော” ရှိတယ်။—မဿဲ ၁၁:၂၉

 ဒံယေလအခန်းကြီး ၄ မှာပါတဲ့ သစ်ပင်က ဘာကို တင်စားသလဲ။ ကျမ်းစာမှာ သစ်ပင်တွေကို အုပ်ချုပ်မှုအဖြစ် တင်စားလေ့ရှိတယ်။ (ယေဇကျေလ ၁၇:၂၂–၂၄; ၃၁:၂–၅) ဒံယေလအခန်းကြီး ၄ မှာပါတဲ့ သစ်ပင်ကြီးက အကြီးစားပြည့်စုံချက်အနေနဲ့ ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို တင်စားတယ်။

 သစ်ပင်ခုတ်လှဲခံရတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ သစ်ပင်ခုတ်လှဲခံရတာက နေဗုခဒ်နေဇာရဲ့ အုပ်ချုပ်မှု ခဏတာ ပြတ်တောက်သွားတာကို ဆိုလိုတယ်။ အဲဒီလိုပဲ မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်အုပ်ချုပ်မှု ခဏတာ ပြတ်တောက်သွားတာကိုလည်း ဆိုလိုတယ်။ အစ္စရေးဘုရင်တွေဟာ ဂျေရုဆလင်မြို့မှာ ယေဟောဝါဘုရားရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်တော်ရဲ့ “ရာဇပလ္လင်တော်ပေါ်” ထိုင်ပြီး အုပ်ချုပ်ကြတယ်။ အဲဒီမြို့ကို နေဗုခဒ်နေဇာ ဖျက်ဆီးလိုက်တဲ့အချိန်မှာ ဘုရားသခင့်အုပ်ချုပ်မှု ခဏတာ ပြတ်တောက်သွားတယ်။—၁ ရာဇဝင်ချုပ်၂၉:၂၃။

 “ခုနစ်ကာလ” ကဘာကိုဆိုလိုသလဲ။ “ခုနစ်ကာလ” ဆိုတာ မြေကြီးပေါ်မှာ ဘုရားသခင်အုပ်ချုပ်မှု ကြားဝင်ခြင်းမရှိဘဲ တိုင်းနိုင်ငံတွေကို ဘုရားသခင် အုပ်ချုပ်ခွင့်ပြုထားတဲ့ အချိန်ကာလကို ဆိုလိုတယ်။ ကျမ်းစာသက္ကရာဇ်စဉ်အရ ဂျေရုဆလင်မြို့ကို ဗာဗုလုန်လူမျိုး ဖျက်ဆီးတဲ့ ခရစ်နှစ်မတိုင်မီ ၆၀၇၊ အောက်တိုဘာလကနေ “ခုနစ်ကာလ” စတင်တယ်။ a၄ ဓမ္မရာဇဝင် ၂၅:၁၊ ၈–၁၀

 “ခုနစ်ကာလ” ကဘယ်လောက် ကြာရှည်သလဲ။ နေဗုခဒ်နေဇာဖြစ်ရပ်မှာလို ခုနစ်နှစ်လောက်ပဲ ကြာတာမဟုတ်ပါဘူး။ “လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်တိုင်အောင် ဂျေရုဆလင်မြို့ [ဘုရားသခင့်အုပ်ချုပ်မှုကို ကိုယ်စားပြု] ကို ခြေဖြင့် နင်းကြလိမ့်မည်” လို့ ယေရှုပြောပြီး ခုနစ်ကာလရဲ့ ကြာရှည်မယ့်အချိန်ကို ဖော်ပြခဲ့တယ်။ (လုကာ ၂၁:၂၄) မိမိရဲ့ အုပ်ချုပ်မှုကို ‘လူမျိုးခြားတို့ ခြေဖြင့်နင်း’ ဖို့ ဘုရားသခင် ခွင့်ပြုထားတဲ့ “လူမျိုးခြားတို့ရဲ့ အချိန်ကာလ” က ဒံယေလအခန်းကြီး ၄ ပါ “ခုနစ်ကာလ” နဲ့တူတယ်။ ယေရှု မြေကြီးပေါ်ရှိနေချိန်မှာ “ခုနစ်ကာလ” မကုန်သေးဘူးဆိုတာ သိနိုင်တယ်။

 “ခုနစ်ကာလ” ရဲ့ကြာရှည်မှုကို နားလည်နိုင်ဖို့ ကျမ်းစာက ကူညီပေးပါတယ်။ သုံး “ကာလ” ခွဲက ရက်ပေါင်း ၁,၂၆၀ နဲ့ညီတယ်လို့ ကျမ်းစာမှာ ပြောထားတဲ့အတွက် “ခုနစ်ကာလ” က ရက်ပေါင်း ၂,၅၂၀ နဲ့ညီမျှပါတယ်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) တခြားကြိုဟောချက်မှာလို “တစ်ရက်ကို တစ်နှစ်” ထားတယ်ဆိုရင် ရက်ပေါင်း ၂,၅၂၀ က နှစ်ပေါင်း ၂,၅၂၀ နဲ့တူညီတယ်။ ဒါကြောင့် “ခုနစ်ကာလ” ဒါမှမဟုတ် နှစ်ပေါင်း ၂,၅၂၀ က ၁၉၁၄၊ အောက်တိုဘာလမှာ ကုန်ဆုံးမှာဖြစ်တယ်။—တောလည်ရာ ၁၄:၃၄; ယေဇကျေလ ၄:၆

a ဂျေရုဆလင်မြို့ကို ဗာဗုလုန်လူမျိုး ဖျက်ဆီးတဲ့နှစ်ဟာ ခရစ်နှစ်မတိုင်မီ ၆၀၇ ခုနှစ်ဖြစ်တယ်လို့ ဘာကြောင့် ပြောရသလဲဆိုတဲ့ အသေးစိတ်ရှင်းပြချက်အတွက် ၂၀၁၁၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၆–၃၁ ပါ “ရှေးခေတ်ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁” နဲ့ ၂၀၁၁၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၂–၂၈ ပါ “ရှေးခေတ်ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၂” တို့ကို ကြည့်ပါ။