မာတိကာဆီ ကျော်သွား

ဘုရားတရားစိတ်ဓာတ် ရှိခြင်း ဆိုတာ ဘာလဲ။ ဘယ်ဘာသာထဲမှ မဝင်ဘဲ ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်နိုင်သလား

ဘုရားတရားစိတ်ဓာတ် ရှိခြင်း ဆိုတာ ဘာလဲ။ ဘယ်ဘာသာထဲမှ မဝင်ဘဲ ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်နိုင်သလား

ကျမ်းစာအဖြေ

 ဘုရားတရားစိတ်ဓာတ် ရှိခြင်းဆိုတဲ့ အသုံးအနှုန်းကို ဘုရားနှစ်သက်မှု ရလိုစိတ် ရှိခြင်း၊ ဘုရား တွေးခေါ်သလို စဉ်းစားတွေးခေါ်ခြင်းဆိုပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဘုရားတရားစိတ်ဓာတ် ရှိသူဟာ ဘုရားစံနှုန်းတွေကို လိုက်နာဖို့၊ သန့်ရှင်းသော စွမ်းအားတော် a လမ်းညွှန်မှုနဲ့အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားတယ်။—ရောမ ၈:၅။ ဧဖက် ၅:၁

 ဘုရားတရားစိတ်ဓာတ် မရှိသူနဲ့ ဘုရားတရားစိတ်ဓာတ် ရှိသူရဲ့ ကွာခြားချက်ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ဘုရားတရားစိတ်ဓာတ် ရှိသူဟာ စွမ်းအားတော် လမ်းပြမှုနောက် လိုက်ပေမဲ့ “စိတ်အလိုလိုက်တဲ့သူဟာ ဘုရားသခင့်စွမ်းအားတော် ဖော်ပြတဲ့အရာတွေ[ဘုရားသွန်သင်ချက်တွေ]ကို လက်မခံဘူး။” (၁ ကောရိန္သု ၂:၁၄-၁၆) ဘုရားတရားစိတ်ဓာတ် ရှိသူက စေတနာစိတ်၊ သင့်သင့်မြတ်မြတ် နေလိုစိတ် ရှိပေမဲ့ စိတ်အလိုလိုက်တဲ့သူကတော့ “မနာလိုခြင်း၊ ရန်တွေ့ခြင်း” ရှိ ကြတယ်။ (၁ ကောရိန္သု ၃:၁-၃) အသရေဖျက်တဲ့စကား ပြောပြီး မိတ်ဆွေရင်းတွေကို စိတ်ဝမ်းကွဲစေသူတွေကို “တိရစ္ဆာန်စရိုက် ရှိသူတွေ၊ ဘုရားသခင့် စွမ်းအားတော် မရှိသူတွေ” လို့လည်း ခေါ်ထားတယ်။”—ယုဒ ၁၉။ ပညာအလိမ္မာ ၁၆:၂၈ b

ဒီဆောင်းပါးမှာ

 ဘုရားတရားစိတ်ဓာတ် ဘယ်ကနေ ဖြစ်ပေါ်လာသလဲ

 ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတဲ့အတွက် ကျွန်တော်တို့မှာ ဘုရားတရားစိတ်ဓာတ် ရှိကြတယ်။ (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် လူအများစုဟာ ကိုယ်မမြင်နိုင်၊ ထိတွေ့ကိုင်တွယ်လို့ မရနိုင်တဲ့အရာတွေကို စိတ်ဝင်စား တန်ဖိုးထားတတ်ကြတယ်။

 သင့်သင့်မြတ်မြတ် နေတာ၊ ကရုဏာရှိတာ၊ မျက်နှာမလိုက်တာစတဲ့ ယေဟောဝါ c ဘုရားမှာ ရှိတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့လည်း ပိုင်ဆိုင်ထားကြတယ်။ (ယာကုပ် ၃:၁၇) ဘုရားက မိမိရဲ့ မိန့်မှာချက် နာခံသူတွေကို စွမ်းအားတော် ပေးသနားတယ်။—တမန်တော် ၅:၃၂

 ဘုရားတရားစိတ်ဓာတ် ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ

 ဘုရားတရားစိတ်ဓာတ် ရှိတာ၊ တစ်နည်းအားဖြင့် စွမ်းအားတော် လမ်းပြမှုနောက် လိုက်တာက “အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။” (ရောမ ၈:၆) ဒါတွေဟာ ဘုရား ပေးတဲ့ အဖိုးတန် လက်ဆောင်တွေပါ။

  •   အသက်ရှင်ခြင်း။ ဘုရားတရားစိတ်ဓာတ် ရှိသူတွေကို ထာဝရအသက် ပေးမယ်လို့ ဘုရား ကတိပြုတယ်။

  •   ငြိမ်သက်ခြင်း။ ဘုရားနဲ့ သင့်မြတ်ငြိမ်သက်တဲ့ ဆက်ဆံရေး ရှိခြင်းကို ဆိုလိုတယ်။ ကိုယ့်စိတ်အလိုဆန္ဒကိုပဲ အဓိကထားသူတွေဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်တယ်။ (ရောမ ၈:၇) ဘုရားတရားစိတ်ဓာတ် ရှိဖို့ ကြိုးစားသူတွေကတော့ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ရနိုင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဒီလိုစိတ်ငြိမ်သက်မှု ရထားသူတွေရဲ့ ဘဝဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—မဿဲ ၅:၃

 ဘုရားတရားစိတ်ဓာတ် ဘယ်လို ရှိလာနိုင်သလဲ

  •   ဘုရားရဲ့ ပညတ်တွေကို သင်ယူ၊ လိုက်နာပါ။ ကျမ်းစာကို ဖတ်ရှုလေ့လာပါ။ ‘သန့်ရှင်းသော စွမ်းအားတော် လှုံ့ဆော်မှု ခံရသူတွေ’ က ဘုရားရဲ့ အတွေးအခေါ်တွေကို ကျမ်းစာမှာ မှတ်တမ်းတင်ထားလို့ပါ။ (၂ ပေတရု ၁:၂၁) သိလာတာတွေက ဘုရားကို “စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ” ဝတ်ပြုကိုးကွယ်ဖို့၊ စွမ်းအားတော် လမ်းပြမှုနောက် လိုက်ပြီး အလိုတော်နဲ့အညီ အသက်ရှင်ဖို့ ကူညီပေးမယ်။—ယောဟန် ၄:၂၄

  •   ဘုရားရဲ့ အကူအညီ ရဖို့ ဆုတောင်းပါ။ (လုကာ ၁၁:၁၃) ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်မှန်း သိသာစေတဲ့ အရည်အသွေးတွေ ရှိလာအောင် ဘုရား ကူညီပါလိမ့်မယ်။ (ဂလာတိ ၅:၂၂၊ ၂၃) ဘဝအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းဖို့ ဉာဏ်ပညာကိုလည်း ပေးနိုင်တယ်။—ယာကုပ် ၁:၅

  •   ဘုရားတရားစိတ်ဓာတ် ရှိသူတွေနဲ့ ပေါင်းပါ။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ အားပေးထောက်မကြပါလိမ့်မယ်။ (ရောမ ၁:၁၁၊ ၁၂) ဘုရားရဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်သူတွေကို ပေါင်းရင်တော့ ဘုရားနဲ့ မိတ်ပျက်လာမယ်။—ယာကုပ် ၄:၄

 ဘယ်ဘာသာထဲမှ မဝင်ဘဲ ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်နိုင်သလား

 ဘာသာတစ်ခုကို ယုံကြည်သက်ဝင်ရုံနဲ့ ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်သွားတာ မဟုတ်ဘူး။ “ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ” လို့ ကျမ်းစာက ဆိုတယ်။—ယာကုပ် ၁:၂၆

 ဒါပေမဲ့ ဘုရားတရားစိတ်ဓာတ် ရှိသူတွေဟာ ဘုရား နှစ်သက်လက်ခံတဲ့နည်းနဲ့ပဲ ဝတ်ပြုကိုးကွယ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဘုရားသခင်ရဲ့ ‘စွမ်းအားတော် တစ်ခုတည်း’ ရှိမှန်း အသိအမှတ်ပြုကြတယ်။ အဲဒီစွမ်းအားတော်က ‘ခန္ဓာကိုယ် တစ်ခုတည်း၊’ တစ်နည်းအားဖြင့် “စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို” ကြိုးစားထိန်းသိမ်းတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝတ်ပြုကိုးကွယ်ဖို့ လှုံ့ဆော်ပေးတယ်။—ဧဖက် ၄:၁-၄

 ဘုရားတရားစိတ်ဓာတ် ရှိခြင်းနဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

 ယူဆချက်အမှား။ ကိုယ့်စိတ် ကျေနပ်ပျော်ရွှင်စေဖို့၊ လူကောင်း ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ခြင်း ပါဝင်တယ်။

 အမှန်။ ကျမ်းစာအရ ဘုရားတရားစိတ်ဓာတ် ရှိခြင်းဆိုတာ ဘုရားရဲ့ လမ်းညွှန်မှုနဲ့အညီ နေထိုင်ခြင်းကို ဆိုလိုတယ်။ ဘုရားရဲ့ အကူအညီ မပါဘဲ စိတ်ကျေနပ်ပျော်ရွှင်ဖို့ မဖြစ်နိုင်ဘူး။ ဘုရားတရားစိတ်ဓာတ် ရှိသူတွေဟာ ယေဟောဝါကို မိမိတို့ရဲ့ ဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုပြီး ဘုရားရည်ရွယ်ချက်နဲ့အညီ နေထိုင်ခြင်းအားဖြင့် ကျေနပ်ပျော်ရွှင်နေကြတယ်။—ဆာလံ ၁၀၀:၃

 ယူဆချက်အမှား။ ကိုယ့်အလိုဆန္ဒကို ချိုးနှိမ်ခြင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းအားဖြင့် ဘုရားတရားစိတ်ဓာတ် ရှိလာနိုင်တယ်။

 အမှန်။ ကိုယ်ခန္ဓာကို မညှာမတာ နှိပ်စက်ခြင်းဟာ ‘ဘုရားသခင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုးကွယ်ခြင်း၊’ လူ့အတွေးအခေါ်တစ်မျိုး ဖြစ်တယ်။ (ကောလောသဲ ၂:၁၈၊ ၂၃) ကျမ်းစာမှာတော့ ဘုရားတရားစိတ်ဓာတ် ရှိရင် နာကျင်မှု မဟုတ်ဘဲ ပျော်ရွှင်မှု ရမယ်လို့ ဖော်ပြထားတယ်။—ပညာအလိမ္မာ ၁၀:၂၂

 ယူဆချက်အမှား။ နတ်ဆိုးပညာ လိုက်စားတာ၊ လူသေတွေနဲ့ ဆက်သွယ်တာလိုမျိုး ဝိညာဉ်ဘုံနဲ့ ဆက်သွယ်တာက ဘုရားတရားစိတ်ဓာတ် ရှိစေတယ်။

 အမှန်။ နတ်ဆိုးပညာ လိုက်စားတာ၊ လူသေတွေနဲ့ ဆက်သွယ်တာက သေဆုံးသွားသူရဲ့ ဝိညာဉ် မသေဘဲ အသက်ရှင်သူတွေနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်တယ်။ ဒါပေမဲ့ သေလွန်သူက ဘာမှ မသိဘူးလို့ ကျမ်းစာမှာ ဆိုတယ်။ (ဒေသနာ ၉:၅) နတ်ဆိုးပညာ လိုက်စားခြင်းဟာ ဘုရားကို ဆန့်ကျင်တဲ့ နတ်ဆိုးတွေနဲ့ ဆက်သွယ်ခြင်း ဖြစ်တယ်။ နတ်ဆိုးပညာ လိုက်စားတာက ဘုရားကို အမျက်ထွက်စေတယ်။ အဲဒီလိုလူဟာ ဘုရားနဲ့ ဆက်ဆံကောင်း မရှိနိုင်ဘူး။—ဝတ်ပြုရာ ၂၀:၆။ တရားဟောရာ ၁၈:၁၁၊ ၁၂

 ယူဆချက်အမှား။ သက်ရှိသတ္တဝါမှန်သမျှ ဘုရားတရားစိတ်ဓာတ် ရှိကြတယ်။

 အမှန်။ ဖန်ဆင်းခံအရာအားလုံးဟာ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေတယ်။ (ဆာလံ ၁၄၅:၁၀။ ရောမ ၁:၂၀) ဒါပေမဲ့ အသိဉာဏ်ရှိ ဖန်ဆင်းခံတွေပဲ ဘုရားတရားစိတ်ဓာတ် ရှိနိုင်တယ်။ တိရစ္ဆာန်တွေကတော့ ပင်ကိုသိစိတ်အတိုင်း၊ သဘာဝအာသာဆန္ဒအတိုင်း ပြုမူကြလို့ ဘုရားနဲ့ ရင်းနှီးဖို့ မဖြစ်နိုင်ဘူး။ (၂ ပေတရု ၂:၁၂) ဒါကြောင့် ဘုရားတရားစိတ်ဓာတ် မရှိသူ၊ တစ်နည်းအားဖြင့် စွမ်းအားတော် မရှိသူကို တိရစ္ဆာန်စရိုက် ရှိသူ၊ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်သူအဖြစ် ကျမ်းစာ ဖော်ပြတယ်။—ယာကုပ် ၃:၁၅။ ယုဒ ၁၉

a မြန်မာလို “အသက်၊” တချို့ကျမ်းစာတွေမှာ “ဝိညာဉ်”လို့ ပြန်ဆိုထားတဲ့ “စပီးရစ်” ဆိုတဲ့ စကားလုံးဟာ မူရင်းမှာ “ထွက်သက်ဝင်သက်” လို့ အဓိပ္ပာယ်ရှိတယ်။ မမြင်နိုင်ပေမဲ့ သက်ဝင်လှုပ်ရှားနေတဲ့ စွမ်းအားကိုလည်း ရည်ညွှန်းတယ်။ ဘုရားသခင်ဟာ အကြီးမြတ်ဆုံး ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဘုရားတရားစိတ်ဓာတ် ရှိသူ၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိသူဟာ ဘုရားအလိုတော်နဲ့အညီ၊ စွမ်းအားတော် လမ်းညွှန်မှုနဲ့အညီ ဆုံးဖြတ်လုပ်ကိုင်တယ်။

b ကျမ်းစာမှာပါတဲ့ “စိတ်အလိုလိုက်သူတွေ” ဆိုတာ ဘုရားစံနှုန်းတွေကို ထည့်မတွက်ဘဲ လူ့အလိုဆန္ဒ၊ သွေးသားအလိုဆန္ဒအတိုင်း စဉ်းစားလုပ်ကိုင်သူတွေကို ဆိုလိုတယ်။

c ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင့်နာမည်ပါ။—ဆာလံ ၈၃:၁၈